စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ (၅) တိုက်ပွဲကြောင့် ရာနှင့်ချီသောထိုင်းနိုင်ငံသားများ နေရပ်စွန့်ခွာထွက်ပြေး

စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ (၅) တိုက်ပွဲကြောင့် ရာနှင့်ချီသောထိုင်းနိုင်ငံသားများ နေရပ်စွန့်ခွာထွက်ပြေး

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) တို့အကြား ယခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံ ကရင်တိုင်းရင်းသားများသာမက နှစ်နိုင်ငံနယ်စပ်အနီးရှိ ထိုင်းနိုင်ငံသားများ ရာချီပြီးနေရပ်စွန့်ခွာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU တပ်မဟာ (၅) ပြောခွင့်ရ ပဒိုမန်းမန်းက ပြောသည်။

“ထိုင်းဖက်မှာရှိတဲ့ ဖားတဆိုင်ရွာ၊ မယ်ဖတာဆိုရင် ထိုင်းရွာသားတွေပဲ သူတို့ရွာထဲမှာ မနေရဲဘူးပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ လေယာဉ်ဝဲတာက ထိုင်းနိုင်ငံထဲအထိ လေယာဉ်ဝဲပြီး ပစ်ချတာတွေ တွေ့ရတာပေါ့” ဟု ပဒိုမန်းမန်းက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) လက်အောက်ခံတပ်ဖွဲ့ဝင်များက ထိုင်း-မြန်မာနယ်စပ်ရှိ သောလယ်ထာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က တက်ရောက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ပြန်လည်တိုက်ခိုက်မှုတွင် ထိုင်းနိုင်ငံနယ်နိမိတ်တွင်လည်း လက်နက်ကြီးကျရောက်ခဲ့သည်ဟု ပဒိုမန်းမန်းက ဆိုသည်။

မြန်မာစစ်တပ်နှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ထိုင်းနိုင်ငံသား ၅၀၀ နီးပါးခန့်တို့က ‌ကျေးရွာကိုစွန့်ခွာပြီး ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြသည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့သတင်းစာတွင် ဖော်ပြသည်။

KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့ဝင်များက မယ်ဟောင်ဆောင်၏ ဆွတ်မွိုင်ခရိုင်အနီးတည်ရှိသည့် မြန်မာစစ်တပ်စခန်းတစ်ခုကို ဧပြီ ၂၇ ရက်နေ့ တိုက်ခိုက်ပြီးချိန်မှစတင်၍ ဘန်ဆမ်လဲ့ပ်ကျေးရွာမှ ဒေသခံ ၂၀၀ ခန့်သည် ဘန်ဟွေးခုန်ကတ်ရှိ ယာယီခိုလှုံရာစခန်းတစ်ခုတွင် နေထိုင်နေကြရသည်။

“လေယာဉ်နဲ့ အဓိကဗုံးကြဲတာပဲ သူတို့လုပ်နေတာပေါ့နော်၊ နောက် ရွာသားတွေကိုလည်း ခြိမ်းခြောက်သလိုပဲဖြစ်နေတယ်။ ဒီနေ့ပဲ ၁၂ နာရီမတိုင်ခင်က လေယာဉ်နဲ့ပဲ ဗုံးလေးလုံးလောက် ပွန်ထာပွာတောဖက်မှာ လာပြီးပစ်ချသေးတယ်ပေါ့” ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့များမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေသလို ထိုင်းဖက်ခြမ်းသို့ ဝင်ရောက်ခိုလှုံနေပြီး တရားဝင်မဟုတ်သော်လည်း ထိုင်းအာဏာပိုင်များမှ ပြန်လည်မောင်းထုတ်မှုမရှိဘဲ ထိုင်းဒေသခံများနှင့် အဆင်ပြေအောင် ညှိနှိုင်းလုပ်ဆောင်နေရသည်ဟု ပဒိုမန်းမန်းက ဆက်ပြောသည်။

မတ်လကုန်ပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှုများရှိခဲ့ပြီး ကျေးရွာများ၊ ကျေးရွာအတွင်းရှိလူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံအရပ်သား ၃၀၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ပုံ-MUP
May 4, 2026
မွန်ဒေသခံပြည်သူများ၏ အသံကို မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ မွန်ညီညွတ်ရေးပါတီ MUP...
May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...