ဦးမင်းကိုနိုင်အပါအဝင် အမှုဖွင့်ခံထားရသူ ၁၇ ဦးအား တွေ့ရှိကအကြောင်းကြားပေးရန် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ရဲစခန်းအနီးတွင် ဆိုင်းဘုတ်စိုက်ထူကာ ကြေငြာထားကြောင်း ဒေသခံများ၏ပြောကြားချက် အရ သိရသည်။
ယင်းသို့ ဆိုင်းဘုတ်စိုက်ထူကြေငြာထားခြင်းမှာ ၁၀ ရက်ခန့်ရှိပြီဖြစ်ကာ တောင်ကုတ်မြို့ ရဲစခန်းအနီး တစ်နေရာတည်းတွင် စိုက်ထူးထားခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ်ရဲစခန်းမှ နယ်ထိန်းရဲမင်းထွန်းက ပြောသည်။
“ဆိုင်းဘုတ်ထူထားတာကတော့ ၁၀ ရက်လောက်ရှိနေပြီ။ ဒီတစ်နေရာတည်းမှာဘဲ စိုက်ထူထားတာ၊ ကျန်တဲ့ နေရာမှာတော့ မစိုက်ထားဘူး” ဟု ၎င်းကဆိုသည်။
စိုက်ထူထားသည့်ဆိုင်းဘုတ်တွင် ဒေါ်ဖြူဖြူသင်း၊ ဦးထွန်းမြင့်၊ ကိုဝေဖြိုးအောင်၊ ဒေါ်ဇင်မာအောင်၊ ဦးလွင်ကိုလတ်၊ ဦးဇော်မင်းသိန်း၊ ဦးရည်မွန်(ခ)မောင်တင်သက်၊ ဦးမင်းကိုနိုင်၊ ဦးဇော်ဝေစိုး၊ ဦးဝင်းနိုင်၊ ဦးနိုင်ထူးအောင်၊ ဦးမျိုးနိုင်၊ ဒေါ်မြတ်သီတာထွန်း၊ ဦးနေမျိုး(ခ)ဦးဝင်း(ခ)ဦးမြင့်ဦး၊ ဦးဥက္ကာမင်း၊ စောယုားဖောင်းအွာနှင့် ဦးဇေလက် စသည့်အမည်များနှင့် လူပုဂ္ဂိုလ်များကို ပုံနှင့်တကွဖော်ပြထားသည်။
အဆိုပါပုဂ္ဂိုလ်များမှာ ပုဒ်မ-၅၀၅(က)၊ ၅၀၅(ခ)အပြင် ပုဒ်မ ၁၂၂ တို့နှင့် အမှုဖွင့်အရေးယူထားသည့် တရားခံပြေးများဖြစ်သဖြင့် ၎င်းတို့အား ဝိုင်းဝန်းဖမ်းဆီးပေးနိုင်ရန်နှင့် တွေ့ရှိပါက နီးစပ်ရာရဲစခန်းအား အကြောင်းကြားပေးရန် ယင်းဆိုင်းဘုတ်တွင် ရေးသားဖော်ပြထားသည်။
၎င်းတို့အား လက်ခံထားရှိသူများကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ယခုကဲ့သို့ ဆိုင်းဘုတ်ဖြင့်စိုက်ထူကာ ကြေငြာထားခြင်းမှာ နိုင်ငံသားတစ်ယောက်၏ အခွင့်အရေးကို ထိခိုက်စေသည်ဟု တောင်ကုတ်မြို့ ဒေသခံတစ်ဦးက ထောက်ပြသည်။
“သူတို့က နိုင်ငံသားတစ်ယောက်အနေနဲ့ ဆန္ဒပြတာတွေရှိမယ်။ ဦးဆောင်ပေးတာတွေရှိမယ်။ လှုံ့ဆော်ပေးတာ တွေရှိမယ်။ ဒါကိုဝရမ်းထုတ်ပြီး ဆိုင်ဘုတ်ကြီးကပ်ကြေညာထားတာက မဖြစ်သင့်ဘူး” ဟု တောင်ကုတ်ဒေသခံ ကိုမောင်မောင်သိန်းက ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်အပါအဝင် ၇ ဦးတို့ကို တရားစွဲပြီး ဖမ်းဝရမ်း ထုတ်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
၎င်းတို့သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုထိခိုက်စေသည့် ရေးသားချက်များ၊ ပြောဆိုချက်များကို ဆိုရှယ် မီဒီယာများ၊ လူမှုကွန်ရက်များကို အသုံးပြုလုပ်ဆောင်နေသည်ကို တွေ့ရသည်ဟုဆိုကာ တရားစွဲထားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။







