တောင်ကုတ်မြို့မှ ဖမ်းဆီးခံထားရသူ NLDမှ ဦးမင်းအောင်အပါအဝင် ၄ဦး၏အမှု လာမည့် မေလ ၄ရက်နေ့သို့ထပ်မံရုံးချိန်း

တောင်ကုတ်မြို့မှ ဖမ်းဆီးခံထားရသူ NLDမှ ဦးမင်းအောင်အပါအဝင် ၄ဦး၏အမှု လာမည့် မေလ ၄ရက်နေ့သို့ထပ်မံရုံးချိန်း

ထွန်းခိုင် - တပ်မတော်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံထားရသူ တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ ဦးမင်းအောင် အပါအဝင် တရားစွဲခံထားရသူ ၄ ဦး၏ အမှုအား လာမည့် မေလ ၄ ရက်နေ့တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်းပေးလိုက်ကြောင်း သိရှိရသည်။

လွန်ခဲ့သည့် ဧပြီ ၂၁ နေ့ ရုံးချိန်းတွင် ၎င်းတို့ ၄ ဦးအား ရုံးထုတ်လာခြင်းမရှိဘဲ မေလ ၄ ရက်နေ့သို့ ထပ်မံ ရုံးချိန်း ရွေ့ဆိုင်းလိုက်သည်ဟု သူတို့အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဒေါ်သိင်္ဂီမောင်က ပြောသည်။

“ ဧပြီ ၂၁ ရက်နေ့က  ရုံးလည်းမထုတ်ဘူး။ အမှုလည်းမစစ်ဘူး။ မြို့နယ်တရားသူကြီးကလည်း နေမကောင်းဘူးဆိုပြီးတော့ ခွင့်တင်ထားတယ်။ ဥပဒေအရာရှိကလည်း သူ့အမျိုးသမီး မီးဖွားနေလို့ မီးဖွားခွင့် ယူထားတာ ဖြစ်တဲ့အတွက် ရုံးချိန်းပြန်ချိန်းလိုက်ပါတယ် ” ဟုပြောသည်။

တောင်ကုတ်မြို့ NLD မှ တရားစွဲဆိုခံထားရသူများမှာ ဦးမင်းအောင်၊ ကိုသန့်ဇင်ဖြိုး၊ ဦးတင်သိန်းအောင် တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ (၂၅)၊ ငြိမ်းစုစီ ပုဒ်မ (၁၉) တို့ဖြင့် တရားစွဲဆို ထားခြင်းဖြစ်ပြီး၊ ကိုချစ်မောင်မောင်အား နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။

၄င်းတို့ ၄ ဦး အထဲမှ ဦးမင်းအောင်ကို ခလရ (၅၄၄) တပ်ထဲတွင် ထိန်းသိမ်း ခံထားရပြီး၊ ကျန် (၃) ဦးမှာ တောင်ကုတ်မြို့မ ရဲစခန်းတွင် ထိန်းသိမ်း ခံထားရကြောင်း မိသားစုများက ပြောသည်။

ဦးမင်းအောင်တွင် သွေးတိုးရောဂါရှိသဖြင့် အပြင်တွင် ဆေးကုသမှု ခံယူချင်ကြောင်း ပြောကြားသည်ဟု ဇနီးဖြစ်သူ ဒေါ်မြဝတ်ရည်က ပြောသည်။

“သူဟိုတစ်ပတ်က ရုံးချိန်းလာတဲ့အချိန်မှာ သွေးတိုးနေတယ်။ ကိုမင်းအောင်မှာ ဆေးတွေကလည်း သောက်နေရတော့ အပြင်မှာဆေးခန်းပြချင်တယ်။ နောက်ပြီးတော့ ကျန်းမာရေးစစ်ဆေးချက် ခံယူချင်တယ်လို့လည်း ပြောပါတယ်” ဟုပြောသည်။

ဖမ်းဆီးခံရသူများအနက် ဦးမင်းအောင်၊ ဦးတင်သိန်းအောင်၊ ကိုသန့်ဇင်ဖြိုး တို့သည် တပ်မတော်မှ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့မှုကြောင့် ဖေဖော်ဝါရီ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကိုချစ်မောင်မောင်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...