ဘုမေရပ်ကွက်ကျူးကျော်မြေနေရာတွင် အိမ်ဆောက်နေထိုင်သူ ၄ ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားဟုဆို

ဘုမေရပ်ကွက်ကျူးကျော်မြေနေရာတွင် အိမ်ဆောက်နေထိုင်သူ ၄ ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားဟုဆို

ထွန်းခိုင် - ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘုမေရပ်ကွက် ကျူးကျော်မြေတွင် နေထိုင်သူ ၄ ဦးအား ရဲတပ်ဖွဲ့မှ ညည့်အချိန်တွင် သေနတ်ပစ်ဖောက်ကာ ဝင်ရောက်ဖမ်းဆီးသွားသည်ဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောဆိုသည်။

ဖမ်းဆီးခံထားရသူများမှာ ဒေါ်မလှသိန်း အသက် (၆၀) ကျော်၊ ဦးကေသာထွန်း အသက် (၆၀) ကျော်၊ ဦးသာပန်းခိုင် (၇၃) နှစ်နှင့် ဒေါ်သန်းနု အသက် (၃၀) ကျော်အရွယ်တို့ဖြစ်ကြသည်။

ဒေါ်သန်းနု၏ သားငယ် မောင်သိန်းဟန် ၁ နှစ်ကျော်အရွယ်မှာလည်း မိခင်ဖြစ်သူနှင့်အတူ လိုက်ပါသွားသည်ဟု ဖမ်းဆီးခံထားရသူ ဒေါ်သန်းနု၏ ယောကျာ်းဖြစ်သူ ကိုဇော်မင်းထွန်းက ပြောသည်။

ဇော်မင်းထွန်း “ သူတို့က မနေ့ည ၁၀ နာရီခွဲအချိန်လောက်က ဝင်လာတယ်။ ကျနော်တို့ ယာယီတဲဆောက်လို့ အိပ်နေတဲ့ဟာတွေကို ရိုက်တယ်။ အထဲမှာရှိတဲ့လူတွေအကုန်လုံးထွက်ဆိုပြီးတော့ ပြောတယ်။ လူတွေက ကြောက်လန့်ပြီးတော့ မထွက်ရဲဘူးဖြစ်နေတော့ သူတို့က သေနတ်ပစ်ဖောက်ပြီးတော့ ခြောက်လန့်လို့ခေါ်တယ်။ သေနတ်တစ်ချက်ဖောက်ခဲ့တယ်။  ကျနော်မိန်းမနှင့် ကလေးပါဆိုလိုရှိရင် လူ ၅ ယောက်ပါသွားတယ်။ အဲဒီအချိန်မှာ ဦးကေသာထွန်းက နေမကောင်းဖြစ်နေတော့ သူကိုချန်ထားခဲ့တယ်။ မနက်မိုးမလင်မီမှာ နောက်တစ်ခေါက်လာပြီးတော့ သူကိုဖမ်းသွားတယ်” ဟုဆိုသည်။

ကိုဇော်မင်းထွန်းတို့ မိသားစုမှာ လက်သမားအလုပ်ကို လုပ်ကိုင်စားသောက်ကြပြီး နေစရာနေရာမရှိသဖြင့် ယခုနေရာတွင် နေထိုင်သည်မှာ ၁ နှစ်ကျော်ခန့်ကြာပြီဖြစ်သည်ဟု သူကဆက်ပြောသည်။

၄င်းအပြင် မိန်းမနှင့်ကလေးမှာ ပြန်လွတ်လာခြင်းမရှိသည့်အတွက် အထူးဝမ်းနည်းမိကြောင်း သူကဆက်ပြောသည်။

ဖမ်းဆီးခံရသူ ဦးသာပန်းခိုင်မှာ  ကျန်းမာရေးမကောင်းသူတစ်ဦးဖြစ်သဖြင့် စိုးရိမ်ကြောင့်ကြမိကြောင်း သမီးဖြစ်သူ မခင်ဇော်ဝင်းက ပြောသည်။

“အဖေက ကျန်းမာရေးလည်းမကောင်းဘူး။ အသက်ကလည်း ကြီးနေပြီဆိုတော့ တအားစိုးရိမ်မိပါတယ်။ အဲဒါကြောင့် အမြန်ဆုံးပြန်လွတ်ပေးစေချင်ပါတယ်” ဟုပြောသည်။

ယမန်နေ့ ညည့်အချိန်တွင် ၄င်းနေရာတွင်  လူပေါင်း ၅၀ ခန့်က ယာယီတဲထိုးကာ အိပ်နေခဲ့ကြပြီး  ရဲသား ၃၀ ခန့်ဝင်ရောက်လာကာ ယခုလိုမျိုး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောဆိုကြသည်။

၄င်းမြေတွင် နေထိုင်သော နေအိမ်များကို ဧပြီလ ၂၁ ရက်နေ့က သက်ဆိုင်ရာအာဏာပိုင်များက ဖြိုဖျက်ခဲ့သဖြင့် လူပေါင်းရာချီ အိုးမဲ့ အိမ်မဲ့ဖြစ်နေကြကြောင်း သိရှိရသည်။

ယင်းနေရာတွင် လွန်ခဲ့သော ၂နှစ် ၃ နှစ်ခန့်က ဆောက်လုပ်ထားသော အိမ် (၁၀) လုံးခန့် အပါအဝင် တဲအိမ်ပေါင်း ၁၀၀ ကျော်ခန့် ဖြိုဖျက်ခံလိုက်ရသည်ဟု ကာယကံရှင်များက ပြောဆိုကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့မ ရဲစခန်းမှ စခန်းမှူးအား ဆက်သွယ်ခဲ့ရာ အပြင်သို့ ရောက်ရှိနေသဖြင့် နောက်မှပြန်ဆက်ဟုဆိုကာ ဖုန်းချသွားခဲ့သည်။

စစ်တွေခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြဦးအား ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

အမည်အဖော်လိုသော ရဲအရာရှိတစ်ဦးကမူ လူ ၄ ဦးအား စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းနှင့် ယခုအချိန်တွင် စစ်ဆေးနေဆဲ ရှိသေးသည်ဟု ပြောသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...