တိုက်ပွဲကြောင့် ၂ နှစ်တိုင်ကျင်းပခွင့်မရခဲ့သည့် ကျောက်တော်တောင်ဘုရားပွဲကို ယခုနှစ်တွင် ပြန်လည် ကျင်းပသွားမည်

တိုက်ပွဲကြောင့် ၂ နှစ်တိုင်ကျင်းပခွင့်မရခဲ့သည့် ကျောက်တော်တောင်ဘုရားပွဲကို ယခုနှစ်တွင် ပြန်လည် ကျင်းပသွားမည်

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ၂ နှစ်တိုင် ကျင်းပခွင့် မရခဲ့သည့် ကျောက်တော်တောင်ဘုရားပွဲကို ယခုနှစ်တွင် တိုက်ပွဲများမရှိသဖြင့် ပြန်လည်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပမည့် ကျောက်တော်တောင်ဘုရားပွဲတွင် ယခင်နှစ်များကဲ့သို့ ပျော်ပွဲရွှင်ပွဲများ မပါဝင်ဘဲ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲပြုလုပ်ပြီး ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်များနှင့် မြို့မိ၊မြို့ဖ များက ပြောသည်။

ပွဲဖြစ်မြောက်ရေးအတွက် စတင်ဆောင်ရွက်စဉ်က ပဋ္ဌာန်းပွဲအပြင် ပြိုင်လောင်းပွဲများပါ ထည့်သွင်းကျင်းပရန် စီစဉ်ခဲ့သော်လည်း  သြဝါဒဆရာတော်(၁၀)ပါး၊ ကျောက်တော်တောင်ဘုရားဂေါပကများနှင့် မြို့မိ၊မြို့ဖတို့မှ ဧပြီလ ၂၂ ရက်နေ့က အစည်းအဝေးဆုံးဖြတ်ချက်အရ ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းမကျင်းပရန် ဆုံးဖြတ် အတည်ပြုခဲ့ကြခြင်းဖြစ်သည်။

ကျောက်တော်တောင်ဘုရားဂေါပကအဖွဲ့ဝင် ဦးအောင်ထွန်းမြက “ပထမကျနော်တို့စီစဉ်တုန်းက ပြိုင်လောင်း ပါမယ်၊ ပဌာန်းပါမယ်ပေါ့။ ဒါပေမယ့် နယ်ကလူတွေကိုမပါဘဲ မြို့ပေါ်ရပ်ကွက် ၆ ခုကလူတွေကပဲ ပြိုင်လောင်းကိုလှော်ရမယ်တဲ့။ ဘဏ္ဍာငွေရှာနေတာက နယ်ကလူတွေရှာနေတာ။ ဆိုတော့ နည်းနည်း ကတောက်ကစဖြစ်တာပေါ့။ ဒါကြောင့် ဥက္ကဋ္ဌဘုန်းကြီးကစဉ်းစားပြီးတော့ ပဋ္ဌာန်းပွဲနဲ့ပဲ ပွဲကိုတစ်ရက်တည်း ချရမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ” ဟု ပြောသည်။

ကျောက်တော်မြို့မှ မြို့မိ၊မြို့ဖတစ်ဦးဖြစ်သည့် ဦးထွန်းခင်က ဒေသအခြေအနေ တည်ငြိမ်အေးချမ်းသည့် အနေအထားမဟုတ်သည့်အတွက် ပြိုင်လောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲများမပြုလုပ်ရန် ဆုံးဖြတ်ထားသော်လည်း လူငယ်များကလက်မခံဘဲ မိမိတို့အစီအစဉ်ဖြင့် ပွဲချရန်စီစဉ်နေသည်ဟု ကြားသိရကြောင်း ပြောသည်။

“မြို့ပေါ်ကလူငယ်တွေကတော့ ကိုယ့်စရိတ်နဲ့ကိုယ် ငွေကြေးအကုန်အကျခံပြီး ပြိုင်လောင်းပွဲချဖို့ စီစဉ်နေကြ တယ်လို့တော့ သိရတယ်။ ကျနော်တို့အနေနဲ့ကတော့ အစည်းအဝေးက ဆုံးဖြတ်ချက်ချပြီးသားဖြစ်တဲ့အတွက် သူတို့ကိုပွဲချဖို့ ခွင့်မပြုထားဘူး။ ခေတ်ကာလကလည်းပြောလို့ရတာမဟုတ်ဘူး’’ ဟု ဦးထွန်းခင်က ဆိုသည်။

ထိုသို့ ခွင့်ပြုချက်မရရှိသော်လည်း ကျောက်တော်မြို့မှ လူငယ်ပိုင်းအချို့မှာ မိမိတို့အစီအစဉ်ဖြင့် ဘုတ်များငှားကာ ပွဲချရန်စီစဉ်နေကြပြီဖြစ်ကြောင်း ကျောက်တော်မြို့မှ လူငယ်တစ်ဦးဖြစ်သည့် မောင်ရဲထွန်းက ပြောသည်။

“ဂေါပကတွေကတော့ တစ်ခုခုဖြစ်သွားရင် သူတို့တာဝန်မယူဘူးပေါ့။ ဒါကို ကျနော်တို့လို လူငယ်ပိုင်းတွေက ငါတို့ချမယ်။ ငါတို့တာဝန်ယူမယ်ဆိုပြီး စီစဉ်နေကြတာထင်တယ်။ အရင်တုန်းကပွဲချရင်လည်း ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ချကြတာပါပဲ။ ဒါပေမယ့် တစ်ခုရှိတာက တာဝန်ယူမှု၊တာဝန်ခံမှုပေါ့။ ဥပမာ- တစ်ခုခုဖြစ်သွားရင် ဂေါပက ပွဲချလို့ဖြစ်တာဆိုပြီး အပြောမခံချင်တဲ့အတွက် လူကြီးတွေကတာဝန်မယူကြဘူး’’ ဟု ၎င်းကပြောသည်။

ကျောက်တော်တောင်ဘုရားပွဲတွင် ကျင်ပွဲ၊ ပြိုင်လောင်းပွဲ၊ ဇာတ်ပွဲ၊ ဘောလုံးပွဲ၊ ချောတိုင်ပွဲ၊ လှံဆွဲပွဲ ၊ ခေါင်းအုံးရိုက်ပွဲနှင့် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲတို့ကို နှစ်စဉ်ထည့်သွင်းကျင်းပလေ့ရှိသည်။

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက ကျောက်တော် တောင်ဘုရားပွဲကို မကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...