ပစ်ခတ်ဖမ်းဆီး အမှုဖွင့်ခံရသည့် သတင်းထောက်နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးရန် SMJN တောင်းဆို

ပစ်ခတ်ဖမ်းဆီး အမှုဖွင့်ခံရသည့် သတင်းထောက်နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးရန် SMJN တောင်းဆို

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် အခြေစိုက် သတင်းထောက်နှစ်ဦးသည် သတင်းရယူနေစဉ် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံရပြီး အမှုဖွင့်အရေးယူခံထားရခြင်းအပေါ်အမြန်ဆုံးလွှတ်ပေးရန် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် (SMJN)က ယနေ့ ဧပြီလ ၂၂ရက်နေ့ ရက်စွဲဖြင့် သဘောထားထုတ်ပြန် တောင်းဆို လိုက်သည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အခြေစိုက် Dakkhina Insight သတင်းဌာန၏ သတင်းထောက် ကိုနိုင်လင်းထွန်း သည် ယမန်နေ့ ဧပြီလ ၂၁ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကို သတင်းရယူနေစဉ် စစ် ကောင်စီ တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ဦးခေါင်းကျည်ရှပ်ထိမှန်ဒဏ်ရာရရှိကာ အဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့် အရေးယူခံထားရသည်ဟု ၎င်းကွန်ရက်က ဆိုသည်။

ထို့အပြင် ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက် ကိုနိုင်လင်းထွန်း၏ ကွန်ပျူတာ(Laptop) နှင့် ဖုန်းတို့ကိုပါ သိမ်းဆည်းခဲ့ပြီးနောက် ထားဝယ်မြို့၌ ဆူပူဆန္ဒပြမှုနှင့် သွေးထိုးလှုံ့ဆော်သူဟု စွပ်စွဲ၍ ဦးခေါင်း ကျည် ထိမှန်ထားသည့် ဒဏ်ရာကို ခေါင်းစွပ်ဖြင့် အုပ်၍ ဖုန်း၊ ကွန်ပျူတာနှင့် ထားဝယ်နည်းပညာတက္ကသိုလ်အလံဖြင့် ဓါတ်ပုံရိုက်ယူ သတင်းထုတ်ပြန်ထားကြောင်း တွေ့ရသည်။

၎င်းအပြင် ပြီခဲ့သည့် မတ်လ ၂၇ ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ဓါတ်ပုံသတင်းရိုက်ယူခဲ့သည့် The Voice of Thanbyuzayat သတင်းအေဂျင်စီ၏ သတင်း ထောက် ကိုထက်မြတ်သူလည်း သေနတ်ပစ်ခတ်ခံခဲ့ရ၍ ခြေထောက်ထုတ်ချင်းပေါက် ဒဏ်ရာရရှိခဲ့ကာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရသည်ဟု SMJN က ဆိုသည်။

အဆိုပါ ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက် ကိုထက်မြတ်သူကိုလည်း သထုံမြို့မရဲစခန်းတွင် ချုပ်နှောင်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်အရေးယူခံထားရသည်ဟု သိရသည်။

သတင်းမီဒီယာ ကျင့်ဝတ်အတိုင်းသတင်းရယူနေသည့် သတင်းထောက် ၂ ဦးအပေါ် ထိုသို့ ကျည်အစစ်ကို အသုံးပြု၍ ပစ်ခတ်ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားသည့်အပေါ် SMJN အနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်း နှင့် ဖမ်းဆီး အမှုဖွင့်ထားမှုကို ပြန်လည်ရုပ်သိမ်းပြီး အမြန်ဆုံးလွှတ်ပေးရန် သဘောထားထုတ်ပြန်တောင်းဆိုခဲ့ ခြင်းဖြစ်သည်။

ယမန်နေ့က ထုတ်ပြန်ထားသည့် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ ထုတ်ပြန် ချက်အရ အာဏာသိမ်းပြီး ရက်ပေါင်း ၈၀ အတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခံခဲ့ရသူ ၄၃၆၁ ဦး၊ ချုပ်နှောင် ခံထားဆဲ ဦးရေမှာ ၃၃၃၁ ဦး၊ ဖမ်းဝရမ်းထုတ်ခံထားရသူ ၁၀၅၉ ဦးနှင့် ကျဆုံးခဲ့သူ ၇၃၉ ဦးရှိကြောင်း ဖော်ပြထားသော်လည်း လက်လှမ်းမီ အတည်မပြုနိုင်သေးသည့် ပျောက်ဆုံး သေဆုံးသူများလည်းရှိ ကြောင်း သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...