မြန်မာနိုင်ငံတဝှမ်းရှိ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများကို စုစည်းပေးနိုင်မည်ဟု NUG ကို AASYC ရှုမြင်

မြန်မာနိုင်ငံတဝှမ်းရှိ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများကို စုစည်းပေးနိုင်မည်ဟု NUG ကို AASYC ရှုမြင်

ဧပြီလ ၁၆ ရက်နေ့က ဖွဲ့စည်းခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)ကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများအား ကျယ်ကျယ်ပြန့်ပြန့်စုစည်းပေးနိုင်မည့် အင်အားစုတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး(AASYC) အတွင်းရေးမှူး ကိုတိန်ဦးကပြောသည်။

“အထူးသဖြင့် အဖိနှိပ်ခံ ဗမာတိုင်းရင်းသား ပြည်သူလူထုနဲ့ မြန်မာနိုင်ငံလွတ်ရေးတဲ့အချိန်က ကနေ့အချိန်ထိ အမျိုးသားတန်းတူရေးနှင့် ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်အတွက် တိုက်ပွဲဝင်နေကြတဲ့ တခြားတိုင်းရင်းသား တွေကြားထဲမှာ သဘောတရားအရရော၊ လက်တွေ့အရပါ ချိတ်ဆက်ပေးနိုင်မယ့် အင်အားစုတခုအဖြစ် မျှော်လင့်တယ်” ဟုလည်း ၎င်းကဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)အား ဖွဲ့စည်းကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)က ယခုဧပြီလ ၁၆ ရက်နေ့က ကြေညာခဲ့သည်။

အဆိုပါ NUG ဖွဲ့စည်းရာတွင်ပါဝင်ရန် ရက္ခိုင့်တပ်တော်(AA)ကို CRPH က ကမ်းလှမ်းခဲ့သော်လည်း ကိုယ့်ရပ်တည်ချက်နှင့်ကိုယ် မပါဝင်ခဲ့ခြင်းဖြစ်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီလ ၁၆ ရက်နေ့တွင် ၎င်း၏တွစ်တာအကောင့်မှ ရေးသားခဲ့သည်။

NUG ဖွဲ့စည်းမှုအား ကြိုဆိုကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ နယ်ချဲ့ဝါဒ၊ လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ပပျောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် မရှိမဖြစ် လိုအပ်နေသည့် ကြားကာလအစိုးရတရပ်အဖြစ် NUG ကို အသိအမှတ်ပြုကြောင်း AASYC က ဧပြီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အမျိုးသားတန်းတူးရေး၊ ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရား ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် NUG နှင့် လိုအပ်သလို ညှိနိူင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း AASYC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“AASYC အနေနဲ့ NUG နဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ့်ပုံစံ နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက လက်တွေ့ တိုက်ပွဲမှာ ပူးပေါင်းပါဝင်ဖို့ဖြစ်ပါတယ်။ (၂၀၀၈)ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အစရှိတဲ့ ဘုံရည်မှန်းချက်တူညီတဲ့ကိစ္စတွေမှာ နိုင်ရာကဏ္ဍက တာဝန်ယူသွားဖို့ဖြစ်ပါတယ်။ ဒါနဲ့ တဆက်စပ်တည်း လုပ်ဆောင်သွားဖို့ စဉ်းစားထားတဲ့ ကိစ္စတွေလည်း ရှိပါတယ်”ဟု အတွင်းရေးမှူး ကိုတိန်ဦးက ပြောသည်။

၁၉၈၈ ခုနှစ် အရေးအခင်းကာလနောက်ပိုင်း ပြည်ပသို့တိမ်းရှောင်ခဲ့ရသည့် ရခိုင်ကျောင်းသား လူငယ်များ စုပေါင်းကာ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး(All Arakan Students and Youths Congrass-AASYC)ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က တပ်မတော်မှ အာဏာသိမ်းယူခဲ့ခြင်းကို ဆန့်ကျင် ဆန္ဒပြသူများ ဖြိုခွင်းခံရမှုကြောင့် အာဏာသိမ်းပြီး ၇၉ ရက်အတွင်း သေဆုံးသူ ၇၃၈ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဧပြီလ ၂၀ ရက်နေ့အထိ ထုတ်ပြန်ချက်က ဖော်ပြသည်။

သို့သော် ပစ်ခတ်မှုကြောင့်သေဆုံးသူ ၂၄၀ ဦးသာရှိကြောင်း ကောင်စီဘက်ကကြေညာထားပြီး ၎င်းတို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရန်ပြုတိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...