မြေပုံမြို့တွင် တပ်အင်အားတိုးချပြီး စစ်ဆေးမှုများရှိနေဟုဆို

မြေပုံမြို့တွင် တပ်အင်အားတိုးချပြီး စစ်ဆေးမှုများရှိနေဟုဆို

ထွန်းခိုင် - ရခိုင်ပြည်နယ်၊ မြေပုံမြို့တွင် တပ်အင်အား (၆၀)ခန့် တိုးချထားပြီး လမ်းသွားလမ်းလာများကို စစ်ဆေးမှုများရှိနေသည်ဟု  မြေပုံမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ဝင်းက  နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ မြို့လုံခြုံရေးဆိုပြီးတော့ တပ်အင်အားတွေကို တိုးချဲ့ ချထားတယ်။ ကံသာထွက်ဝရပ်ကွက် မြို့အဝင်လမ်းမှာလည်း စစ်ဆေးမှုတွေလုပ်နေတယ်။ လူငယ်နှစ်ဦးကို ဒီနေ့မှာ မယုံသင်္ကာ ဖြစ်လို့ စစ်ဆေးပြီးတော့ ရိုက်နေမှုတွေ လုပ်တယ်ဆိုပြီးတော့ ကျနော်တို့ သတင်းကြားတယ်။ အဲဒီ ရိုက်နှက်ခံရတဲ့ လူငယ်နှစ်ဦးဟာ ဘယ်သူတွေဆိုတာကို ကျနော်တို့ စုံစမ်းနေတယ်” ဟုပြောသည်။

တည်ငြိမ်အေးချမ်းနေသော မြေပုံမြို့တွင် တပ်အင်းအားတိုးချဲ့ချထားသည့်အတွက် မြို့သူ၊ မြို့သားများအနေဖြင့် တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို စိုးရိမ်ကြောင့်ကြလျက်ရှိကြောင်း သူကဆက်ပြောသည်။

“လူတွေက စိုးရိမ်နေကြတာကတော့ တည်ငြိမ်အေးချမ်းနေတဲ့ ကျနော်တို့မြို့မှာ အခုလိုမျိုး  တပ်အင်အားတွေတိုးချဲ့ပြီး စစ်ဆေးမှုတွေ ရှိလာတဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ပြောသည်။

မြေပုံမြို့၊ ကံသာထွက်ဝရပ်ကွက် အုပ်ချုပ်ရေးမှူး  ဦးမောင်သန်းက ၄င်းတို့ရပ်ကွက်တွင် အင်အား (၁၀) ကျော်ခန့်ရှိသော  စစ်တပ်နှင့် ရဲ ပူးပေါင်း တပ်ဖွဲ့ဝင်များက ပြည်မဖက်ကလာသူများအား စစ်ဆေးမှုများ ပြုလုပ်နေသည်မှာ ရက်သတ္တနှစ်ပတ်ခန့် ရှိနေပြီဖြစ်ကြောင်း ပြောကြားသည်။

 “ ကျနော်တို့ ရပ်ကွက် ဂိတ်ဝမှာတော့ စစ်ဆေးမှုတွေရှိတယ်။ စစ်ဆေးမှု ပြုလုပ်တာကို ကျနော်တို့ လေ့လာစုံစမ်းကြည့်တဲ့အခါမှာ ပြန်မဖက်က ပြန်လာတဲ့သူတွေများတဲ့အတွက် စစ်ဆေးတာလို့ သိရပါတယ်။ ပြည်မဖက်က ပြန်လာတဲ့ သူတွေက ဒီက လူတွေကို သွေးထိုးလှုံ့ဆော်ပြီးတော့ ဆူပူမှုတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် စစ်ဆေးရတာဆိုပြီးတော့ သိရတယ် ” ဟု ပြောသည်။

ကံသာထွက်ဝရပ်ကွက်သည် မြေပုံမြို့၏  မြို့အဝင်အထွက် ရက်ကွက်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကိစ္စှနှင့် ပတ်သက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းသို့ ယနေ့ ညနေ ၄ နာရီ ၂၀ မိနစ်က ဆက်သွယ်မေးမြန်းရန် ဖုန်းဆက်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...