ရခိုင်မှ အမျိုးသမီးသုံးဦးကိုတရုတ်ဇနီးအဖြစ်ရောင်းစားမှုဖြင့် အမျိုးသမီး၃ဦးကို ထောင်ဒဏ် (၁၀) နှစ်စီချ

ရခိုင်မှ အမျိုးသမီးသုံးဦးကိုတရုတ်ဇနီးအဖြစ်ရောင်းစားမှုဖြင့် အမျိုးသမီး၃ဦးကို ထောင်ဒဏ် (၁၀) နှစ်စီချ

ထွန်းခိုင် - ရခိုင်ပြည်နယ်မှ အမျိုးသမီး (၃) ဦးကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားမှုကြောင့် အမျိုးသမီး ၃ ဦးကို လူကုန်ကူးမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်ခံခဲ့သည်ဟု ယနေ့ (ဧပြီ ၃ ရက်နေ့) ထုတ် မြန်မာ့အလင်းသတင်းစာတွင် သတင်းဖော်ပြသည်။

အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်ခံရသူများမှာ ကျောက်ဖြူမြို့နယ်၊ ကညင်တော ကျေးရွာမှ ဒေါ်မြဝင်း (ခ) ပေါက်စရှည် (ခ) မန်ကျည်းစေ့နှင့် သူမ၏ သမီးဖြစ်သူ မနှင်းအေးကြည် (ခ) အငယ်မ၊ တောင်ကုတ်မြို့နယ် ကံပိုင်ရပ်ကွက်မှ ဒေါ်ခင်အေးလွင်တို့ဖြစ်သည်ဟု ဆိုသည်။

၄င်းတို့ (၃) ဦးမှာ “တောင်ကုတ်မြို့နယ် ကံပိုင်ရပ်ကွက်နေ မxxx၊ ၂၇ နှစ်၊ မxxx၊ ၁၇ နှစ်နှင့် မxxx၊ ၂၀ နှစ်တို့ကို တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်ဇနီးအဖြစ် ရောင်းစားရန် စီစဉ်ခဲ့မှုအား မူဆယ် မြို့မရဲစခန်း (ပ) ၅၀၄ / ၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မူဆယ်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မတ် ၃၁ ရက်တွင် တရားခံ (၃) ဦးတို့ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရှိရသည်” ဟုရေးသားဖော်ပြသည်။

၄င်းကိစ္စနှင့် ပတ်သက်၍ ထောင်ဒဏ်ချမှတ်ခံရသူ ဒေါ်မြဝင်း၏ သမီး မအကြီးမအား ဆက်သွယ်မေးမြန်းခဲ့ရာ သူမ၏ မိခင်မှာ တရုတ်ပြည်သို့ အလုပ်လုပ်ရန်ထွက်ခွာသွားစဉ် မူဆယ်မြို့တွင် လူကုန်ကူးမှုဖြင့် စွပ်စွဲခံရပြီး ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ပြောသည်။

 “အမေရဲ့ ညမက တရုတ်မှာ အလုပ်လုပ်နေတယ်။ ညီမလေးကလည်း အမေရဲ့ ညီမနဲ့ အတူတူ အဲမှာအလုပ်လုပ်နေတယ်။ အဲဒါကြောင့် အမေလည်း တရုတ်ကို အလုပ်လုပ်ဖို့ ဆိုပြီးတော့ ပြီးခဲ့တဲ့ ၈ လ ၊ ၉ လ၊ လောက်က  ရခိုင်က ယောကျာ်းတစ်ယောက်နဲ့ အတူ တရုတ်ကိုသွားတာ။ မူဆယ်ကို ရောက်တော့ ညီမလေးက အမေရောက်နေတယ်ဆိုပြီးတော့ မူဆယ်ကနေ လာကြိုတယ်။ ဒါကို အမေနဲ့ အတူပါသွားတဲ့ အဲယောကျာ်းက တည်းခိုးခန်းပိုင်ရှင်နဲ့ နှစ်ယောက် လူကုန်ကူးတယ်ဆိုပြီးတော့ အမေတို့ ညီမလေးတို့ကို အချုပ်ခန်းထဲမှာ ထည့်ထားခဲ့တယ်” ဟုပြောသည်။

မိခင်ဖြစ်သူနှင့် ညီမဖြစ်သူအား လူကုန်ကူးမှုနှင့် စွပ်စွဲပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည့်အတွက် အလွန်တရာ ဝမ်းနည်းမိကြောင်းနှင့် သူတို့၏ မိသားစုမှာ ဆင်းရဲနွမ်းပါးသည့်အတွက် စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သူကဆက်ပြောသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...