ULA/AA ကို အကြမ်းဖက်အဖွဲ့မှရုပ်သိမ်းလိုက်သော်လည်း အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရသူများ ဥပဒေအရရင်ဆိုင်ရဦးမည်ဟုဆို

ULA/AA ကို အကြမ်းဖက်အဖွဲ့မှရုပ်သိမ်းလိုက်သော်လည်း အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရသူများ ဥပဒေအရရင်ဆိုင်ရဦးမည်ဟုဆို

မာန်ယုကျော် — ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)/ ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းလိုက်ပြီ ဖြစ်သော်လည်း အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရသူများသည် ဥပဒေအရ ရင်ဆိုင်ရဦးမည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

“ဒီအမှုတွေနဲ့ပတ်သက်ပြီးတော့ စီမံခန့်ခွဲနိုင်တဲ့ပုဂ္ဂိုလ်များက ဒီအမှုတွေကို ရှေ့ကို ဆက်မသွားလိုတော့ဘူး။ သို့မဟုတ် ဆက်သွားပါဆိုတဲ့ မူဝါဒချထားတဲ့အပေါ်မှာပဲ ဒီမှုတွေရဲ့ရှေ့ရေးဟာ အဲဒီအပေါ်မှာပဲ သွားမယ်။ ဥပဒေသဘောအရတော့ အရင်စွဲထားတဲ့အမှုတွေက အခုလောလောဆယ်မှာ AA ကို အကြမ်းဖက်အဖွဲ့ကရုပ်သိမ်းလိုက်တဲ့အတွက် အဲဒီအမှုတွေဟာ အလိုအလျောက်ပြီးသွားတာတော့ မဟုတ်ဘူး။ ဥပဒေအတိုင်းပဲ သူတို့တွေက ရင်ဆိုင်ဆဲအနေနဲ့ သွားနေရမှာဖြစ်ပါတယ်”ဟု ပြောသည်။

ယနေ့ ဧပြီလ ၁ ရက်နေ့ နေ့လယ် ၂ နာရီက စစ်တွေမြို့ရှိ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမတွင် သတင်းထောက်အချို့နှင့်တွေ့ဆုံစဉ် ဦးလှသိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းများအရ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် တရားစွဲခံနေရဆဲဦးရေ ၂ဝဝ ကျော်အထိရှိနေသေးသည်ဟု သိရသည်။

ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ULA/ AA ကို ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင် အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းလိုက်ပြီဖြစ်သည့်အတွက် အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရသူများကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

အဆိုပါအမှုများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဝင်ရောက်လမ်းညွှန်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်သည် လုပ်ထုံးလုပ်နည်းအရ မရှိဟုလည်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲ ခံနေရသူများသည် ရခိုင်ပြည်နယ်အပါအဝင် ရန်ကုန်နှင့် မန္တလေးတို့တွင်လည်း ရှိနေသည်ဟု သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...