မောင်တောနယ်စပ်ကညင်ချောင်းစီးပွားရေးဇုန်ကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကြိုးစားနေဟုဆို

မောင်တောနယ်စပ်ကညင်ချောင်းစီးပွားရေးဇုန်ကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကြိုးစားနေဟုဆို

မာန်ယုကျော် — (၁ဝ)လကြာပိတ်ထားရသည့် မောင်တောနယ်စပ် ကညင်ချောင်းစီးပွားရေးဇုန်ကို အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရေး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ(ပစက)က ကြိုးစားနေသည်ဟု သတင်းထုတ်ပြန်ရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

 “နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုအတွက် သတ်မှတ်တဲ့အချက်အလက်ကလေးတွေနဲ့ ပြည့်စုံအောင်လုပ်နေရတယ်။ ဆိုတော့ စီးပွားကူးသန်းဝန်ကြီးဌာနရယ်၊ ပြည်နယ်ကောင်စီရယ်၊ ရခိုင်ပြည်နယ်မှာရှိတဲ့ သက်ဆိုင်ရာ ဌာနရယ် ညှိနှိုင်းပြီးတော့ ဒီဟာကို အမြန်ဆုံး ဖွင့်နိုင်ဖို့ကြိုးစားနေတယ်”ဟု ပြောသည်။

ယနေ့ ဧပြီလ ၁ ရက်နေ့ နေ့လယ် ၂ နာရီက စစ်တွေမြို့ရှိ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် သတင်းထောက်အချို့နှင့်တွေ့ဆုံစဉ် နိရဉ္စရာ၏မေးမြန်းချက်ကို ဦးလှသိန်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးကို မှီခိုလုပ်ကိုင်စားသောက်နေကြသည့်တောင်သူများ၊ ကုန်သည်များနှင့် ကားသမားများ စီးပွားရေးတွက်ခြေကိုက်အောင်အတွက်လည်း အမြန်ဆုံးပြန်ဖွင့်နိုင်ရေး ကြိုးစားနေသည်ဟု ဦးလှသိန်းက ဆက်ပြောသည်။

သို့သော် ဆောင်ရွက်နေဆဲကာလဖြစ်သည့်အတွက် မည်သည့်အချိန်တွင် ပြန်ပွင့်မည်ဆိုသည်မှာ လောလောဆယ် ပြောရန်ခက်နေသေးသည်ဟုလည်း ဦးလှသိန်းက ဆိုသည်။

မောင်တောနယ်စပ် ကညင်ချောင်း စီးပွားရေးဇုန်ကို ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လမှစတင်ကာ ကိုဗစ်ကပ်ရောဂါကြောင့် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံကုန်စည်ကူးသန်းခွင့်ကို ပိတ်ထားခဲ့ရသည်မှာ ယခုအချိန်ထိဖြစ်သည်။

ယင်းကဲ့သို့ ပိတ်ထားရသည့်အတွက် စီးပွားရေးအရ အထူး ထိခိုက်မှုရှိနေပြီး အဆိုပါစခန်းကိုမှီခိုနေကြသည့် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းရှင်များအပါအဝင် ကုန်သည်ပွဲစားများနှင့် ဒေသခံ လက်လုပ်လက်စားများ နစ်နာမှုများရှိနေသည်ဟု မောင်တောနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက နိရဉ္စရာကိုပြောဆိုထားသည်။

ယင်းအပြင် အဆိုပါစီးပွားရေးဇုန်သည် နိုင်ငံခြားဝင်ငွေ များစွာရရှိသည့်နေရာတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ပိတ်ထားရသည့်အတွက် နိုင်ငံအတွက်ရော၊ ဒေသဖွံ့ဖြိုးရေးအတွက်ပါ များစွာ ထိခိုက်နစ်နာမှုများ ရှိနေသည်ဟု ၎င်းက ပြောသည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...