AA စစ်ဦးစီးချုပ်၏ညီ ကိုအောင်မြတ်ကျော်အပါအဝင် ၈ဦးအမှု၏ နောက်ဆုံးလက်ကျန် တရားလိုပြသက်သေနှစ်ဦးကို ဗွီဒီယိုအွန်လိုင်းဖြင့် ဧပြီ ၁၂ ရက်နေ့ ဆက်လက်စစ်ဆေးမည်

AA စစ်ဦးစီးချုပ်၏ညီ ကိုအောင်မြတ်ကျော်အပါအဝင် ၈ဦးအမှု၏ နောက်ဆုံးလက်ကျန် တရားလိုပြသက်သေနှစ်ဦးကို ဗွီဒီယိုအွန်လိုင်းဖြင့် ဧပြီ ၁၂ ရက်နေ့ ဆက်လက်စစ်ဆေးမည်

ချစ်အိလှိုင် — AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီဖြစ်သူ ကိုအောင်မြတ်ကျော် အပါအဝင် ၈ ဦးအမှု၌ နောက်ဆုံး စစ်ဆေးရန် ကျန်နေသူ တရားလိုပြ သက်သေနှစ်ဦးကို လာမည့် ဧပြီလ ၁၂ ရက်နေ့ ရုံးချိန်းတွင် ဗွီဒီယို အွန်လိုင်းဖြင့် ဆက်လက်စစ်ဆေးမည်ဟုသတင်းရရှိသည်။

၄င်းတို့အမှုကို လာမည့် ဧပြီလ ၁၂ ရက်နေ့ ရုံးချိန်းတွင် ဗွီဒီယို အွန်လိုင်းဖြင့် ဆက်လက် စစ်ဆေးမည်ဟု ယမန်နေ့ ဧပြီလ ၁ ရက်နေ့ ရုံးချိန်း၌  ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ဗွီဒီယိုအွန်လိိုင်းဖြင့် ပြောကြားခဲ့သည်ဟု အမှုအားလိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန် ကပြောသည်။

“ တရားလိုပြသက်သေနှစ်ယောက်ကို ဆက်စစ်မယ်ပေါ့။ ကိုဗစ်နဲ့ ရပ်ထားခဲ့တာလည်း ကြာနေပြီလေ။ သူတို့နှစ်ယောက်ကို စစ်ပြီးရင် စွဲချက်တင်သင့်မတင်သင့် ဆုံးဖြတ်ရတော့မယ်။ အေအေကို အကြမ်းဖက်အဖွဲ့က ရုပ်သိမ်းလိုက်ပြီဆိုတော့ တရားဥပဒေအရဆိုရင် လွတ်သင့်နေပြီ။ လွတ်ဖို့လည်း မျှော်လင့်တယ်” ဟုပြောသည်။

နောက်ဆုံးစစ်ဆေးရန်ကျန်နေသူ တရားလိုပြသက်သေနှစ်ဦးမှာ ရန်ကုန်တိုင်းမှ အမှုစစ်ဒုရဲမှူး ဇော်မိုးနှင့် နေပြည်တော်မှ နည်းပညာကျွမ်းကျင်သူ ဒုရဲမှူး မင်းမင်းသူ တို့ ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ကိုအောင်မြတ်ကျော်၏ အဒေါ်တော်စပ်သူ ဒေါ်သန်းသန်းအေးက“ အောင်မြတ်ကျော် အပါအဝင် အကုန်လုံး ကျန်းမာတယ်လို့သိရတယ်။ မိသားစုတွေမှာ အခက်အခဲတွေကတော့ ရှိကြတာပါပဲ။ သူတို့မရှိလို့ပေါ့။ နှစ်ဆန်းတစ်ရက်နေ့မှာ အမြန်ဆုံးပြန်လွတ်လာစေချင်တယ်။ ၁၂ ရက်နေ့ ရုံးချိန်းမှာပင် လွတ်လာစေချင်တယ်။ မျှော်လင့်နေကြတယ်” ဟုပြောသည်။

အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် ကိုအောင်မြတ်ကျော်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊  ကိုဟိန်းဇော်၊ မောင်ပန်(ခ)ထွန်းအေး နှင့် ရွှေလှိုင်သန်း တို့ဖြစ်သည်။

၎င်းတို့ (၈) ဦးမှာ  စင်ကာပူရခိုင်အသင်းခေါင်းဆောင်များဖြစ်ပြီး ၂ဝ၁၉ ဇူလိုင်လ ၆ ရက်နှင့် ၇ ရက်နေ့ညတွင် စင်ကာပူပြည်ထဲရေးထံတွင် ဖမ်းဆီးခံခဲ့ရသည်။

ယင်းနောက် ပြည်နှင်ဒဏ်ဖြင့် မြန်မာနို်င်ငံသို့ ဇူလိုင်လ ၁ဝ ရက် ၁၁ ရက်နေ့တွင်ရောက်ရှိလာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၄င်းတို့မှာ အကြမ်းတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂ (က)တို့ဖြင့် အသီးသီး အမှုရင်ဆိုင်နေကြရခြင်းဖြစ်ကြောင်းသိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...