စစ်ဘေးရှောင်များ နေရပ်ပြန်ရေး အဆင်သင့်မဖြစ်သေးဟု AA ပြောခွင့်ရသူပြော

စစ်ဘေးရှောင်များ နေရပ်ပြန်ရေး အဆင်သင့်မဖြစ်သေးဟု AA ပြောခွင့်ရသူပြော

ရခိုင်ပြည်နယ်တွင်းမှ စစ်ဘေးရှောင်များအနေဖြင့် မိမိတို့၏ကျေးရွာများကို သွားရောက်ပြီး ပြန်လည်နေထိုင်ရေးမှာ အဆင်သင့်မဖြစ်သေးသည့် အနေအထား၌ရှိကြောင်း AA ပြောခွင့်ရသူ ခိုင်သုခက DMG ကိုပြောသည်။

ရခိုင်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများဖြစ်ပွားမှုမရှိသည်မှာ ၄ လကျော်ကြာမြင့် လာပြီဖြစ်သဖြင့် စစ်ရှောင်တချို့မှာ မိမိတို့နေရပ်သို့ပြန်သွားကြသည်များရှိသော်လည်း စစ်ရှောင် တစ်သိန်းသုံးသောင်းရှစ်ရာကျော်မှာ စခန်းများအတွင်း နေထိုင်လျှက်ရှိကြသေးသည်။

လက်ရှိအချိန်တွင် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ရပ်ရွာများကို ပြန်ကြမည်ဆိုလျှင် လုံခြုံရေးနှင့်  ပြန်လည်ထူ ထောင်ရေးတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း ခိုင်သုခကပြောသည်။

“ လက်ရှိအနေအထားကတော့ ပြည်သူလူထုတွေ သူ့ရပ်ရွာကို ပြန်မယ်ဆိုရင်၊ ကျွန်တော်တို့ တစ်တစ်ချက်တွက်ရမှာက သူတို့ရဲ့ လုံခြုံရေး၊ နောက်တစ်ခုက စစ်ဘေးရှောင်ဒုက္ခသည်တွေ သူတို့ဘဝ ပြန်လည်ထူထောင်ရေးတို့ကို ကျွန်တော်တို့က အားလုံးထည့်တွက်ရမှာဖြစ်တယ်။ ဒါကြောင့် လောလောဆယ်မှာတော့ ကျွန်တော်ထင်တာကတော့ ပြည်သူတွေ သူတို့ရွာတွေကို ပြန်ဖို့အတွက်ကတော့ အဆင်သင့်မဖြစ်သေးတဲ့ အနေအထားလို့ ကျွန်တော်က အဲဒီလိုမြင်တယ်” ဟု ပြောသည်။

ယခု မတ်လ ၁၇ ရက်နေ့က မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းမှ အိမ်ခြေ ၈၇၀ ကျော်မှ ၆၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စီမံအုပ်ချပ်ရေးကောင်စီမှ ဒုက္ခသည်များကို သွားရောက်တွေ့ဆုံစဉ် စစ်ရှောင်များမှာ မိမိနေရပ်သို့ ပြန်ကြရန် ကောင်စီ ဥက္ကဌနှင့် အနောက်ပိုင်းတိုင်းမှူးက တိုက်တွန်းခဲ့သည်။

သို့သော်လည်း တိမ်ညိုစစ်ဘေးရှောင်ဒုက္ခသည်များမှာ မိမိနေရပ်တွင် နေစရာ၊ စားစရာများနှင့် အလုပ်အကိုင်အတွက် အဆင်သင့်မဖြစ်သေး၍ မပြန်သေးကြောင်း ဆုံးဖြတ်ထားသည်ဟု တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစိုးနိုင်က DMG သို့ ပြောဆိုထားသည်။

ယင်းအပြင် ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး DMG က သွားရောက်မေးမြန်းစဉ် ကျေးရွာအနီးတပ်မတော်မှ တပ်စခန်းများ တပ်စွဲထားခြင်းနှင့် တောတောင်များတွင်မိုင်းအန္တရာယ်ရှိခြင်းကြောင့် နေရပ်မပြန်နိုင်သေးကြောင်း ပြောဆိုကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား ၂ နှစ်ကျော်ကြာတိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းစသည့် မြို့နယ်များမှ ဒေသခံ ၂ သိန်းကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အမ်းဒေသခံများကလည်း တပ်မတော်မှ မိုင်းရှင်းလင်းရေးပြုလုပ်နေခြင်းကို လမ်းမပေါ်တွင်သာမက တောတောင်များတွင်လည်း မိုင်းရှင်းလင်းရေးပြုလုပ်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလက တောင်းဆိုထားကြသည်။

တပ်မတော်ဘက်ကတော့ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားတို့တွင် မိုင်းရှင်းလင်းရေးပြုလုပ်ခြင်း ပြီးစီးနေပြီဖြစ်ကြောင်း၊ တောတောင်များတွင် မိုင်းရှင်းလင်းရေးကိစ္စကို ရက္ခိုင့်တပ်တော်နှင့် ညှိနှိုင်းနေကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန်းက ပြောသည်။

လက်ရှိတွင် ဒေသတွင်းတိုက်ပွဲများမရှိသဖြင့် စစ်ရှောင်အများစုမှာ မိမိတို့၏ကျေးရွာများကိုပြန်လိုကြသော်လည်း မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်နက်လက်များ၏ အန္တရာယ်ကို စိုးရိမ်ပြီး တစ်ဖက်မှာလည်း သူတို့၏ မူလနေအိမ်များ မီးလောင်ပျက်စီးခြင်း၊ လုပ်ကိုင်စားသောက်စရာ ကျွဲ၊ နွားများနှင့် ဝမ်းစာစပါးများမရှိတော့ခြင်း စသည့် အချက်များကြောင့် နေရပ်ပြန်ရန်အခက်အခဲရှိနေကြသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...