ကရင်စစ်ဘေးရှောင်များအား ထိုင်းနိုင်ငံမှ ပြန်မောင်းထုတ်

ကရင်စစ်ဘေးရှောင်များအား ထိုင်းနိုင်ငံမှ ပြန်မောင်းထုတ်

ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာကြသည့် ကရင်စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော် ကို ထိုင်းစစ်တပ်က ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မပြုပဲ နှင်ထုတ်နေသည်ဟု နယ်စပ်ရောက် ကရင်စစ်ရှောင်များက ပြောသည်။

နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်းရှိ ကျေးရွာများမှ စစ်ရှောင် ၂၀၀၀ ကျော်ကို မတ်လ ၂၉ ရက်နေ့ (ယနေ့) တွင် ထိုင်းစစ်တပ်က ပြန်နှင်ထုတ်နေသည်ဟု ထွက်ပြေးတိမ်းရှောင် လာသည့် ကရင်တိုင်းရင်းသား တစ်ဦးက ကရင်ဘာသာဖြင့် ပြောဆိုထားသည့် ရုပ်သံတစ်ခုတွင် ပြောဆိုထား သည်။

“ကရင်တွေပြန်လာပြီ၊ သက်ကြီးရွယ်အိုတွေလည်းပါတယ်။ ထိုင်းကိုထွက်ပြေးတော့လည်း ထိုင်းစစ်တပ်က ပြန် နှင်ထုတ်တယ်။ ဘာမှ လုပ်လို့မရဘူး ပြန်ရတာပဲ။ ထိုင်းစစ်တပ်က ကရင်တွေကို နှင်ထုတ်နေပြီ။ ထိုင်း စစ် သားတွေက အများကြီးပဲ။ ဒါက တော်တော်ခက်ခဲတဲ့အခက်အခဲပဲ” ဟု ကရင်စစ်ရှောင် တစ်ဦးက ၎င်း၏ FB ကွန်ရက်စာမျက်နှာတွင် ရိုက်ကူး တင်ထားကာ အဆိုပါ ရုပ်သံကလစ်ကိုလည်း အားလုံးဝိုင်းရှယ် ပေးကြရန် တောင်းဆိုထားသည်။

 မတ်လ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့ က အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့် လေကြောင်းထိုးစစ်များ ပြုလုပ်လာသည့်အတွက် စစ်ဘေးလွတ်ရာ ထိုင်းဘက်ခြမ်းကို ခိုလှုံရန် ထွက်ပြေးလာ ကြခြင်း ဖြစ်သည်။

“အခု လူတွေ ပြန်သွားရပြီ။ ကရင်တိုင်းရင်းသားတွေကို လူတွေက တော်တော်အနိုင်ကျင့်ကြတယ်။ ထိုင်းဘက် မှာလည်းတစ်မျိုး အနိုင်ကျင့်တယ်။ မြန်မာဘက်မှာလည်း တစ်မျိုး အနိုင်ကျင့်ကြတယ်” အဆိုပါ စစ်ရှောင်က ပြောသည်။

ယနေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က စတင်ပြီး ထိုင်းအာဏာပိုင်များက နေရပ်ရင်းသို့ ပြန်ခိုင်းခြင်း ဖြစ်သည်ဟု သိရသည်။

အီတူးထာ ဒေသခံ (စစ်ရှောင်) ၂၀၀၀ ကျော်သည် ၎င်းတို့၏ နေရပ်သို့ မပြန်ရဲကြသောကြောင့် ယခုခါ အနီးအနား တောတောင်များထဲတွင် သွားရောက်ပုန်းအောင်နေကြရသည်ဟု စစ်ရှောင်များက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ ၏ စစ်တပ်က  ယခုရက်ပိုင်းအတွင်း သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်းရှိ  ကျေး ရွာများဖြစ်ကြသည့် အီတူးထာကျေးရွာနှင့် အနီးအနားရှိ ကျေးရွာအချို့ကို လေယာဉ်ဖြင့် လာရောက် ပစ်ခတ် ခြင်း၊ လက်နက် ကြီး/လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံများ နှင့် ကရင်အရပ် ဘက်အဖွဲ့အစည်းများက ပြောသည်။

ထို့ကြောင့် အဆိုပါကျေးရွာများက ဒေသခံ ရွာသားများ သံလွင်မြစ်နံဘေးတစ်လျှောက်မှ ထိုင်းနိုင်ငံဘက် ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU နှင့် အာဏာသိမ်းစစ်ကောင်စီ စစ်တပ်တို့အကြားက တိုက်ပွဲများ ကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ စစ်ဘေးတိမ်းရှောင်လာသူများရှိသကဲ့သို့ တောတောင်များထဲတွင် ပုန်း အောင်း စစ်ရှောင်နေရသူလည်း တစ်သောင်းဝန်းကျင်ခန့်ရှိနေသည်ဟု ကရင်အရပ်ဘက်အဖွဲ့ အစည်းများ က ပြောသည်။

မတ်လ ၂၇ နှင့် ၂၈ရက်နေ့ တို့တွင် အာဏာသိမ်းစစ်ကောင်စီ စစ်တပ်က ကရင်အမျိုးသားအစည်း အရုံး  (KNU) တပ်မဟာ(၅) မူတြော်ခရိုင် အုပ်ချုပ်မှု နယ်မြေအတွင်းက ဒေပူးနိုကျေးရွာ၊ တနေးလူတောင်ကုန်း ကျေးရွာ၊ ကလိုဘောထာကျေးရွာ၊ မောယူနီကျေးရွာ၊ သယ်ဘိုးပလောကျေးရွာ၊ သီးကောထာကျေးရွာ၊ ဟိုကေကျေး ရွာ  စုစုပေါင်း ကျေးရွာ ၇ ရွာ ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KNU က ထုတ်ပြန် ထား သည်။

ထိုပစ်ခတ်မှုများကြောင့် အရပ်သား ၃ ဦး သေဆုံး၊ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် နှစ်လုံး မီး လောင်ခဲ့သည်။ နှစ်ရက်အတွင်း တပ်မတော်(၅) မူတြော်ခရိုင်အတွင်း ကျေးရွာ ၇ ရွာ မှ ဒေသခံပြည်သူ တစ်သောင်းဝန်းကျင်ခန့်လည်း စစ်ဘေးလွတ်ရသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KNU က ယနေ့ ထုတ်ပြန်ထားသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...