KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေကို အာဏာသိမ်းစစ်အုပ်စုမှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ် ဟု KNU ထုတ်ပြန်

KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေကို အာဏာသိမ်းစစ်အုပ်စုမှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ် ဟု KNU ထုတ်ပြန်

ယနေ့ည ၈ နာရီခန့်အချိန်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ၊ ဒေပူနို ကျေးရွာအတွင်းသို့ အာဏာသိမ်း စစ်အုပ်စု တပ်ဖွဲ့ဝင်များမှ လေယာဉ်ဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း KNU သတင်းနှင့်ပြန်ကြားရေးဌာန ၏ သူးလေသတင်းစဉ် ထုတ်ပြန်ခဲ့သည်။

KNU တပ်မဟာ (၅) နယ်မြေအတွင်းရှိ အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စု၏ သီးမူထာ အခြေစိုက် စခန်း ခြေမြန်တပ်ရင်း(ခမရ-၃၄၉)ကို KNU တပ်မဟာ (၅)မှ ယနေ့ နံနက်တွင် သိမ်းယူလိုက်ပြီး နောက် ယနေ့ညပိုင်းတွင် လေယာဉ်ဖြင့် ပြန်လည်လာရောက် ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယနေ့ည လေယာဉ်ဖြင့် ဝင်ရောက်ပစ်ခတ်မှု မတိုင်ခင် စစ်အကြမ်းဖက်အုပ်စုမှ ကနဦးအနေဖြင့် KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေကို လေယာဉ်ဖြင့်လာရောက်ကြည့်ရှုလေ့လာခဲ့ပြီးနောက် ယခုလို လာရောက် ပစ်ခတ် ခြင်းဖြစ်သည်ဟု သူးလေသတင်းစဉ်က ထုတ်ပြန် ထားသည်။

မြေပြင်သတင်းအရင်းအမြစ်များအရ စစ်တပ်မှ လေယာဉ်ဖြင့် ကျေးရွာအတွင်းသို့ လက်နက်ကြီး ၉ လုံးခန့် ပစ်ချခဲ့ပြီး ဒေသခံ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကြားသိရသည်။

ထိုသို့ ဝင်ရောက်ပစ်ခတ်မှုကြောင့် ထိခိုက်မှုများရှိနေကြောင်း ကြားသိရသော်လည်း ထိခိုက် သေဆုံးမှုကို ကေအိုင်စီမှ တစ်စုံတစ်ရာ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယနေ့နံနက်တွင် KNU တပ်မဟာ (၅)မှ စစ်ကောင်စီ၏တပ်စခန်းကို သိမ်းယူခဲ့ရာ တွင် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးကျဆုံးသွားပြီး ၈ ဦး အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းယူနိုင်ခဲ့ပြီး စခန်းကိုလည်း ထိန်းချုပ်ထားလိုက်သည်။

ထို့အပြင် အဆိုပါ စခန်းသိမ်းယူမှုအပြီး ထုတ်ပြန်သည့် KNU တပ်မဟာ (၅)၏ ထုတ်ပြန်ချက်၌လည်း ပြည်သူ လူထုကို အကာအကွယ်ပေးပြီး စစ်ကောင်စီ တပ်ဖွဲ့အပေါ် ခုခံတုန့်ပြန်မှုကို အရှိန်အဟုန်ဖြင့် ပိုမို လှုပ်ရှားဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...