မတ်လ ၂၄ ရက်နေ့က ကွယ်လွန်သွားခဲ့သည့် ကရင်ဂန္တဝင် အဆိုတော်မူးထွန့်အွာ၏ ဈာပန အခမ်းအနားကို ၎င်း၏ဇာတိ ဖားအံမြို့နယ် ကော့တာရွာ၌ ယနေ့ မတ်လ ၂၆ရက်နေ့လည် တွင် ပြုလုပ်ပြီးစီးခဲ့သည်။
ရင်သားကင်ဆာဖြင့် ကွယ်လွန်သွားသည့် အဆိုတော် မူးထွန့်အွာ၏ ကျန်ရစ်သည့် ရုပ်က လာပ်ကို ကော့တာသုဿန်တွင် မီးသဂြုႋဟ်လိုက်ခြင်းဖြစ်သည်။
မူးထွန့်အွာနှင့်အတူ သီချင်းတွဲဆိုဖူးသူ အဆိုတော်မုမုက “ဂါးမူး မူးထွန့်အွာက စိတ်ထားအ ရမ်းကောင်းတယ်။ သူနဲ့သီချင်းတွေလိုက်ဆိုရင်ပျင်းရတယ်ဆိုတာမရှိဘူး။ လူငယ်တွေကို လည်း အမြဲအားပေးတယ်။ ပြီးတော့ သူက လက်တွေ့ဘဝတွေကို ပုံဖော်ပြီးသီချင်းရေး စပ်တာတွေသဘောကျတယ်။ သူ့မှာဝေဒနာတွေဘယ်လောက်ခံစားရပါစေ သူ့အိမ်ကိုသွားရင် သူ လုံးဝထုတ်မပြောဘူး။ ပျော်တာကိုပဲ သူပြောတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
မူးထွန့်အွာသည် အသက် ၁၈ နှစ်အရွယ်ကတည်းက သီချင်းစတင်သီဆိုကာ လူမှုဘဝကို ပုံဖော်သည့်သီချင်း၊ အချစ်သီချင်း၊ အမျိုးသားရေးသီချင်းနှင့် ဘာသာရေးသီချင်းစသည့် သီချင်းပုဒ်ရေပေါင်း တစ်ရာကျော်ကို သီဆိုခဲ့သူဖြစ်သည်။
“ကျနော်တို့ငယ်ငယ်တုန်းကဆိုရင် အဆိုတော်တွေကသိပ်မရှိဘူး။ မူးထွန့်အွာတို့၊ ကျော်လိုက် သိန့်သီချင်းတွေက ခဏခဏနားထောင်တယ်။ အခုလည်း နားထောင်နေတုန်းပဲ။ သူ့သီချင်း ကကြိုက်တာ အများကြီးဘဲ။ အခုနောက်ပိုင်းထွက်တဲ့ မူးယစ်ဆေးဝါး ပညာပေးနဲ့ပတ်သက်တဲ့ သီချင်းတစ်ပုဒ်ကလည်း လူအရမ်းကြိုက်တယ်။ သူသေပေမယ့် သူဆိုထားတဲ့သီချင်းတွေက ကျနော်တို့ဆက်ပြီးအားပေးနေမှာပါ”ဟု မူးထွန့်အွာ ပရိဿတ်တစ်ဦးဖြစ်သူ စောထွန့်ဖောင်က ပြောသည်။
မူးထွန့်အွာကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ်ရှိပြီး ခင်ပွန်း၊ သားသမီးနှင့် မြေးများကျန်ရစ်ခဲ့သည်ဟု သိရသည်။







