ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကန်တော်ယန်အနီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျှက်ရှိရာ ရွာသား အချို့ စစ်ဘေးတိမ်းရှောင်နေရသည်ဟု သိရသည်။
မတ်လ ၂၅ ရက်နေ့ (ယနေ့) တွင် ကန်တော်ယန်ကျေးရွာအနီး ဝင်ရောက်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကြောင်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဒီစစ်သားတွေရဲ့ မော် တော်ယာဉ်တွေကို တိုက်တယ်ဆိုတဲ့ သတင်းတော့ကြားတယ်။ ဘယ်မှာတိုက်တယ်၊ ဘယ်မချိန်တိုက်တယ် ဆိုတဲ့ တပ်ပိုင်းဆိုင်ရာ အချက်အလက်တွေတော့ ဘာမှ မရသေးဘူး။ မေးတော့မေးထားတယ်။ ကန်တော်ယန်ကအခု ဖြစ်တာ ဝိုင်းမော်-မြစ်ကြီးနားကနေ တက်လာတဲ့ စစ်ကားတွေကို တိုက်တယ်ဆိုတဲ့သတင်းလောက်ပဲ ကြား သေးတယ်။ ကန်တော်ယန် စခန်းကို သွားတိုက်တာတော့ မဟုတ်လောက်ဘူး။ စစ်ရုံးကလည်း အခုထိ ဘာမှ တော့ မပြောသေးပါဘူး” ဟု ပြောသည်။
စစ်ကောင်စီ၏ တပ်များက KIO/KIA ဌာနချုပ်အနီး စစ်ကြောင်းများ ထပ်တိုးဝင်ရောက်လာခြင်းများ ရှိနေသည် ဟုလည်း KIA တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ရာဘာခြံမှာ ၂၅၆ နဲ့ ကန်တော်ယန်ရှေ့က ရာဘာခြံမှာ အဲ့မှာရှိတဲ့ ဗမာစစ်တပ်တွေနဲ့ ဖြစ်တယ်ဆိုတာလောက်ပဲ သိသေးတယ်။ အသေးစိတ်တော့ ဘာမှ မသိသေးဘူး။ စစ်ကြောင်းလည်းဝင်တယ်။ မော်တော်ယာဉ်တန်းနဲ့ ဝင် လာတာကိုလည်း ဗုံးခွဲတိုက်ခိုက်တာမျိုးပေါ့။ ကျနော်တို့ ထင်တာတော့ လိုင်ဇာကို ဝင်လာတာမျိုးပါ။ လိုင်ဇာကို ဝင် လာလို့ cut out လုပ်တဲ့သဘောပေါ့။ ဖြတ်ချတာပေါ့။ ဂန်ဒေါင်ယန်မှာက ဗျူဟာမှူးထိုင်တဲ့နေရာပဲ။ စကခ ၂၁ ရှိတာပေါ့။”
ဝိုင်းမော်မြို့နယ် ကန်တော်ယန် ကျေးရွာအနီး တိုက်ပွဲများ ဖြစ်ပွားလာနေသည့်အတွက် ဒေသခံ ရွာသားများ စစ် ဘေးလွတ်ရာ ထွက်ပြေးနေကြရသည်ဟု သိရသည်။
ဒေသခံတစ်ဦး က လည်း “ဌာနချုပ်နဲ့ နီးစပ်တဲ့ရွာတွေက ရွာသားတချို့တော့ ထွက်ပြေးကြတယ်။ တချို့လည်း မပြေးဘူး။ ဂန်ဒေါင်ယန်နားမှာ ဂျာပူတို့ နမ်ဆန်ယန်ရွာတို့ရှိတယ်။ ဂျာပူမှာတော့ ခြံပြန်လုပ်တဲ့လူတွေရှိတယ် သူတို့တွေက အခု စစ်ဖြစ်လာလို့ ထွက်ပြေးကြတာပါ” ဟု ပြောသည်။
မတ်လ ၂၅ ရက်နေ့ (ယနေ့) အစောပိုင်းကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က အာဏာသိမ်း စစ်ကောင်စီ၏ အလောဒ့်တောင် (Alaw Bum) စခန်းကုန်းအပါအဝင် ပိုစ့်ကုန်း သုံးကုန်းကို သိမ်းနိုင်ခဲ့သည်။
အဆိုပါ တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်ဘက် က တပ်ရင်းမှူးတစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးနှင့် တပ်သား ၃ ဦး စုစုပေါင်း ၅ ဦး လက်ရ ဖမ်းဆီးမိကြောင်း ကေအိုင်အေ အရာရှိက ပြောသည်။







