အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများအား အာဏာသိမ်းစစ်ကောင်စီမှ မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်နေမှုများအား အမြန်းဆုံး ရပ်တန့်ရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အလျှင်အမြန်ဖျက်သိမ်းရေး မွန်အမျိုးသမီးများကွန်ယက် က တောင်းဆိုလိုက်သည်။
မတ်လ ၂၄ ရက်နေ့(ယနေ့) တွင် ကျရောက်သည့် (၁၇) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ အထိမ်းအမှတ် အနေ ဖြင့် မွန်အမျိုးသမီးများ ကွန်ယက် က ကြေညာချက်ထုတ်ပြီး ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
“ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုကို အကြမ်းဖက်ဖြိုခွင်းခြင်း၊ ကျည်အစစ်ဖြင့် ပစ်ခတ်ခြင်း မြို့နေပြည်သူများ အား လက်နက်ဖြင့်ငြိမ်းခြောက်ပစ်ခတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို မတရားလုယက်ခြင်း နေအိမ်အတွင်း ပစ်ခတ်ခြင်း ဖမ်းဆီးနှိပ်စက်ခြင်း စတဲ့ မတရားနှိပ်စက် သတ်ဖြတ်ခြင်းများပြုလုပ်ခြင်းဖြင့် လူထုကို ထိတ်လန့် ကြောက်ရွံ့စေရန် ရည်ရွယ်ပြီး အခြေခံလူ့အခွင့်အရေးများကို ကြီးမားစွာ ချိုးဖောက်လျှက်ရှိတယ်” ဟု မွန် အမျိုးသမီးများကွန်ယက် က ပြောသည်။
မွန်အမျိုးသမီးများ ကွန်ယက် က ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးခေါင်းဆောင်များ နှင့် အပြစ်မဲ့ပြည်သူ များအား အမြန်ဆုံး လွှတ်ပေးရေး၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများကို မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ စသည့် လူ့အခွင့်အရေးချိုးဖောက်နေမှုများအား အမြန်ဆုံးရပ်တန့်ပေးရန်တို့ကိုလည်း ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း တောင်းဆို ထားသည်။
ထို့အပြင် “အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အလျှင်အမြန်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအသစ် အမြန်ဆုံးရေးဆွဲရေး၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအသစ် ရေးဆွဲ ရာတွင် တိုင်းရင်းသားအားလုံးပါဝင်ကိုယ်စားပြုမှုကို သေချာစေရေး အလေးပေးဆောင်ရွက်သွားရေး၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် အမြန်ပေါ်ထွန်းလာရေး” စသည့်အချက်များကိုလည်း တောင်းဆိုထား သည်။
အလားတူ မွန်အမျိုးသမီးများကွန်ယက်အနေဖြင့် စစ်အာဏာရှင်ချုပ်ငြိမ်းစေရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများ တိုင်းရင်းသား သွေးချင်းများနှင့်အတူ ရပ်တည်လျှက်ရှိကြောင်းလည်း ပြောဆိုထားသည်။
အာဏာသိမ်းစစ်ကောင်စီ၏လုပ်ရပ်များသည် အခြေခံလူ့အခွင့်အရေးများကို ကြီးမားစွာ ချိုးဖောက်လျှက် ရှိ သည်ဟု မွန်အမျိုးသမီးများကွန်ယက် က ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင် မွန်အမျိုးသမီးများကွန်ယက်၏ ဦးတည်ချက်ဖြစ်သော အမျိုးသမီး ဘဝ မြင့်မားတိုးတက်ရေး၊ အမျိုးသမီးများ ခေါင်းဆောင်မှုတွင် ပိုမိုပါဝင်လာရေးနှင့် အမျိုးသမီးများ နိုင်ငံရေး ကဏ္ဍတွင် ပိုမိုပါဝင်လာစေရေးတို့ကို ဆက်လက်ဖော်ဆောင်ရန်အတွက် ကြီးမားသော စိန်ခေါ်ချက်တစ်ခုဖြစ်နေ သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။







