ဖားကန့်တွင် အာဏာသိမ်း ဆန့်ကျင်သူ ၅ ဦး ဖမ်းဆီး

ဖားကန့်တွင် အာဏာသိမ်း ဆန့်ကျင်သူ ၅ ဦး ဖမ်းဆီး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ်ထဲက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ ၅ ဦး ကို အာဏာ သိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များက ပြောသည်။

 

မတ်လ ၂၄ ရက်နေ့ (ယနေ့) ညနေ ၄ နာရီခွဲ အချိန်ခန့် တွင် ဖားကန့်မြို့ ၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာ ကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီဝင် အမျိုးသားနှစ်ဦးကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်စု မိသားစုဝင်များက ပြောသည်။

 

ဖမ်းဆီးခံရသူ ကိုမျိုး ၏ ဇနီးဖြစ်သူ ဒေါ်ခင်စန်းတင့် က “ဟုတ်တယ် ကျမအမျိုးသားကို ဖမ်းသွားတယ်။ အခု ညနေ လေးနာရီခွဲလောက်မှာ တပ်မ ၃၃ နဲ့ ဖားကန့်ကရဲတွေနဲ့ လာပြီးမှ ဝှိုက်ပြီးမှ ဖမ်းသွားတာပါရှင့်။ ဘာ ကြောင့်ဖမ်းတယ်ဆိုတာလည်း ဘာမှ မပြောပဲ လက်ထိပ်ခတ်ပြီး ဖမ်းပြီးခေါ်သွားတာပါ။ အခုထိ ဘာအဆက် အသွယ်မှလည်းမရသေးဘူး။ ဘာကြောင့်ဖမ်းတယ်ဆိုတာလည်း ဘာမှ မပြောသွားဘူး။ သူတို့က ဇွတ်ကြီး လက် ထိပ်ခတ်ပြီးခေါ်သွားတာ။ ကား ခြောက်စီးနဲ့ လူဦးရေက အနည်းဆုံး ၅၀ ကျော်ပဲ ရှိတယ်” ဟု ပြော သည်။

 

ဖမ်းဆီးခံရသူ နှစ်ဦးမှာ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာတွင် နေထိုင်သူ ကိုကျော်မျိုးဦး (ခ) ကိုမျိုးနှင့် ဦးမောင်ဌေးတို့ ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးကို ဖားကန့်မြို့ရှိ ဗျူဟာကုန်းကို ခေါ်ဆောင်သွားသည်ဟု ဒေါ်ခင်စခန်းတင့် က ဆက်ပြောသည်။

 

“ကျမအမျိုးသားကတော့ ဘာမှ မလုပ်ဘူး။ အိမ်မှာနေတာ်။ ကျောက်ရေမဆေးပဲ ရှာတာပါ။ ကျမအထင်တော့ ဆန္ဒပြလို့ ဖမ်းတယ်ထင်တာပဲ။ NLD ပါတီဝင်ဆိုတာလည်း ဟုတ်ပါတယ်။ မှန်ပါတယ်။ ကျမတို့ကတော့ ဒီလို ဖမ်းတာရှိပြီဆိုတာနဲ့ ဆန္ဒပြတဲ့လူတွေ အကုန်လုံးကို လိုက်ဖမ်းတော့မှာ ဖြစ်တဲ့အတွက် ဒီတိုက်ပွဲမအောင်မချင်း ဆက်တိုက်သွားရမှာပဲရှင့်။ သူတို့ပြောတော့ ဖားကန့်ဗျူဟာကုန်းကို ခေါ်သွားတယ်လို့တော့ ကြားတယ်။ ကျမ တို့ ကတော့ မတရားသဖြင့် သူများအိမ်ထဲ နိုင်ထက်စီးနင်းလုပ်တဲ့အတွက်ကြောင့် ကျမတို့က တရားမျှတမှုရ အောင်တော့ ဆက်ပြီးတောင်းဆိုသွားပါ့မယ်ရှင့်။”

 

ထို့အပြင် ဗန်းမော်မြို့တွင်လည်း ယနေ့နံနက်ပိုင်း အာရုဏ်ဦးသပိတ်တွင် မင်းအောင်လှိုင်အသုဘ ဖိတ်စာဝေ သည့် နည်းပညာတက္ကသိုလ်ကျောင်းသား ၃ ဦးအား စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးခေါ် ဆောင် သွား သည်ဟု ဒေသခံများက ပြောသည်။

 

အဆိုပါ ဖိတ်စာဝေသူ ကျောင်းသား ၇ ဦးရှိသည့်အနက် ၎င်းတို့အထဲမှ မောင်စိုင်းလင်းထက်ကျော်၊ မောင်သိန်း ငွေနှင့် မောင်နန်ဂျာရော် တို့ကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

 

ဖားကန့်၊ လုံးခင်းက ဖမ်းဆီးခံရသူ နှစ်ဦးကို ဖမ်းဆီးသွားသည့် စစ်သားများမှာ တပ်မ ၃၃ ဘက်တံဆိပ်များ ဝတ် ဆင်ထားသည့် စစ်သားများ ဖြစ်ပြီး စစ်သားနှင့် ရဲတပ်ဖွဲ့ ဝင် အယောက် ၅၀ ခန့်က လာရောက်ဖမ်းဆီးခေါ် ဆောင်သွား ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

 

မည်သည့်အကြောင်းအရာကြောင့် ဖမ်းဆီးသွားသည်ကို တိတိ မသိရသေးဘူးဟုလည်း မိသားစုဝင်များက ဆို သည်။

 

ဖားကန့်မြို့နယ်အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လ(ယခုလ)အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူ ဒေသခံပြည်သူ ၈ ဦး ဖမ်းဆီးခံထားရသည်ဟု သိရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...