ရန်ကုန်မှ နယ်မြို့များသို့ ပြန်သည့် ခရီးသည်ကားများကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ခရီးသည်များက ပြောသည်။
ရန်ကုန်မှ တောင်ကြီး၊ ရန်ကုန်မှ လွိုင်ကော်၊ ရန်ကုန်မှ မြစ်ကြီးနားအပြင် အခြား မြို့နယ်များသို့ ပြန်လာသည့် ခရီးသည်တင် လေအိတ်ကားများကို ရန်ကုန်အထွက်တွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ခရီးသွားပြည်သူ များက ပြောသည်။
“ရန်ကုန်ကားကြီးကွင်းဂိတ်မှာ စစ်တယ်။ အိတ်တွေကိုစစ်တယ်။ မှတ်ပုံတင်စစ်တယ်။ ရဲတွေကစစ်တယ်။ ဖြူး အထွက်မှာလား အဲ့ဒီနေရာမှာလည်း ထပ်ပြီး စစ်တယ်။ အဲ့ဒီဂိတ်မှာတော့ စစ်သားတွေက စစ်တယ်။ ပစ္စည်းတွေ စစ်တယ်။ ကားပေါ်တက်ပြီးစစ်တယ်။ နောက် ထပ်တစ်နေရာ ထပ်စစ်သေးတယ်။ ပစ္စည်းတွေစစ်တယ်။ အမြန် လမ်းပေါ်မှာပဲ စစ်တာ။ အိမ် စီးကားတွေကိုလည်း အသားကုန်စစ်တယ်။ အားလုံးရပ် တစ်စီးပြီးတစ်စီး စစ် တယ်” ဟု ရန်ကုန်မှ တောင်ကြီး သို့ သွားသည့် ခရီးသည်တစ်ဦး က ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ အတွင်း မြို့နယ်များအလိုက် အာဏာသိမ်းစစ်ကောင်စီ၏ စစ် တပ်နှင့်ရဲများက ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွဲမှုများ၊ ဝင်ရောက်ပစ်ခတ်ခြင်း၊ ပစ်သတ်ခြင်းများ၊ ဖမ်းဆီးခြင်းများ၊ ခြောက်လန့်ခြင်းများ ဆက်တိုက်ပြုလုပ်လာသည့်အတွက် ရန်ကုန်တွင် မနေရဲကြသည့် ပြည်သူအချို့က နယ်မြို့များသို့ ထွက်ခွာနေကြခြင်း ဖြစ်သည်။
အမြန်လမ်းတစ်လျှောက် စစ်သားများ၊ ရဲများက ခရီးသည်ယာဉ်များကို တားဆီးကာ စစ်ဆေးမှုများကို မတ်လ ဒုတိယ အပတ်ခန့် ကစတင်၍ စစ်ဆေးမှုများ ပြုလုပ်လာခြင်း ဖြစ်သည်ဟုလည်း ခရီးသည်များက ပြောသည်။
မန္တလေးမှ လွိုင်ကော်ခရီးစဉ်တစ်လျှောက်တွင်လည်း ယခင်က စစ်ဆေးမှုများ မရှိခဲ့သော်လည်း ယခုခါ စစ်ဆေး မှုများ ရှိလာနေသည်ဟု ခရီးသည်များက ပြောသည်။
မန္တလေးမှ ပြင်ဦးလွင်သို့ သွားသည့် လမ်းတွင်လည်း မှတ်ပုံတင်စစ်ဆေးခြင်း၊ ဖုန်းစစ်ဆေးခြင်းများ လုပ်ဆောင် နေသည်ဟု ခရီးသွားများက ပြောသည်။
“မန္တလေးအထွက်မှာ စစ်တာတော့ မဟုတ်ဘူး။ သူက တစ်ရက်နဲ့တစ်ရက်နေရာ မတူဘူး။ စစ်ချင်တဲ့အချိန် စစ် တာ။ သူက မှတ်ပုံတင်စစ်တယ်။ ဖုန်းတွေလည်းစစ်တယ်။ စစ်သားတွေကပဲ စစ်တာ။ တချို့ကလည်းပြောတာ က ဖုန်းနဲ့တိုက်ပြီး စစ်တယ်လို့ပြောတယ်” ဟု ခရီးသွားတစ်ဦးက ပြောသည်။
မြစ်ကြီးနားမြို့ မှ မန္တလေးသို့သွားသည့် ခရီးသည်တစ်ဦးကလည်း “ကျနော်တို့က ကားစင်းလုံးငှားပြီးလာတာပါ။ ကျနော်တို့ ကားကိုတော့ ဒီအတိုင်းပဲ စစ်တယ်။ ဘယ်သွားမှာလဲပေါ့ ကျနော်တို့က မန္တလေးမှာ ဆေးရုံးပြရမယ်၊ ဆေးစာရွက်ပြတော့ သွားခိုင်းတယ်။ မြစ်ကြီးနား မန္တလေးကြားမှာတော့ ဂိတ်သုံးဂိတ်ရှိတယ် အဲ့ဒီမှာ စစ်တာ ပေါ့နော်။ Express ကားကြီးတွေဆို အကုန်စစ်တယ်။ မှတ်ပုံတင်နဲ့ တိုက်ပြီးစစ်တယ်။ ဘာရှာတာလည်းတော့ မသိ ဘူးနော်။ စစ်တာတော့ အရမ်းစစ်တယ်။ တချို့ဆို ကားတွေ လမ်းဘေးမှာ ရပ်ခိုင်းထားတယ်။ ဒီအချိန် က တော့ ခရီးမသွားတာကောင်းပါတယ်” ဟု ပြောသည်။
မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ်လမ်းတစ်လျှောက်တွင်လည်း အစစ်အဆေးများ တိုးချဲ့ထားသည်ဟု ခရီးသွား များက ပြောသည်။
စစ်တပ်က အာဏာမသိမ်းခင် COVID-19 ကပ်ရောဂါကြောင့် ခရီးသည်ပို့ဆောင်ရေး လေကြောင်း၊ ကားလမ်း များ၊ မီးရထားများကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ထို့နောက် စစ်တပ်က အာဏာသိမ်းပြီးနောက် မီးရထားများ ခရီးသည် သယ်ယူပို့ဆောင်ခြင်းနှင့် လေကြောင်း လိုင်းများမှာ ယခင်အတိုင်း ပြေးဆွဲနိုင်ခြင်း မရှိသော်လည်း ကားလမ်းများ ပြန်ဖွင့်ပေးခဲ့သည့်အတွက် အဝေးပြေး မော်တော်ယာဉ် သယ်ယူပို့ဆောင်သည့် လေအိတ်ကား ခရီးစဉ်များမှာ ပြန်လည်ပြေးဆွဲနေသည်။







