အလုပ်တာဝန်ထမ်းဆောင်နေသည့် သတင်းထောက် ၂ ဦးကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက မတ်လ ၁၉ ရက်နေ့က ဖမ်းဆီးသွားသည့်အတွက် ယနေ့အချိန်ထိ ဖမ်းဆီးခံရသူ သတင်းထောက် ၄၁ ဦး ရှိပြီ ဖြစ်သည် ဟု ပြည်တွင်းအခြေဆိုက် သတင်းထောက်များက ပြုစုထားသည့် စာရင်းများအရ သိရသည်။
BBC မြန်မာပိုင်းဌာန၏ နေပြည်တော် သတင်းထောက် ကိုအောင်သူရ နှင့် ထုတ်ဝေခွင့်ရပ်ဆိုင်းခံထားသည့် Mizzima သတင်းဌာနက သတင်းထောက် ကိုသန်းထိုက်အောင်တို့ကို နေပြည်တော်၊ ဒက္ခိဏ သီရိခရိုင်တရားရုံး တွင် NLD နာယကအဖွဲ့ဝင် ဦးဝင်းထိန် ရုံးထုတ်ရာ သတင်းယူနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု BBC ၏ သတင်းဌာနတွင် ဖော်ပြထားသည်။
မျက်မြင်သက်သေတစ်ဦး က “တရားရုံးရှေ့ကနေ ဖမ်းသွားတာပါ။ အရပ်ဝတ်နဲ့လူတွေက ခေါ်သွားတာတော့ တွေ့လိုက်တယ်” ဟု ပြောသည်။
ယခုခါ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထား ရသည့် သတင်းထောက် ၄၁ ဦး ရှိပြီ ဖြစ်သည်။
ကချင်ပြည်နယ် ဗန်းမော်မြို့ က အလွတ်တန်း သတင်းထောက် တစ်ဦး ကိုလည်း မတ်လ ၁၉ ရက်နေ့က သတင်း ဓါတ်ပုံ ရိုက်နေစဉ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ဗန်းမော်ဒေသခံ တစ်ဦး က “သူဓါတ်ပုံရိုက်နေတဲ့ နေရာမှာ ရဲတွေက ခေါ်သွားတာပဲ သိသေးတယ်။ မနေ့က ဖမ်း သွားတယ်။ အခုချိန်ထိတော့ မိသားစုဝင်တွေနဲ့ ဘာမှ အဆက်အသွယ်မရသေးဘူးတဲ့။ ဘယ်မှာ ဖမ်းထားလဲ ဘာ လဲဆိုတာလည်း မသိရသေးဘူး။ ဖမ်းသွားတယ် ဆိုတာပဲ သိရသေးတယ်” ဟု ပြောသည်။
ဗန်းမော်မြို့က ဖမ်းဆီးခံထားရသူ အလွတ်သတင်းထောက် ဘဘဂျိုးဖြူ ကိုလည်း ယနေ့အချိန်ထိ မည်သည့် နေ ရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးဘူး ဆိုသည်။
ထို့အတူ ယမန်နေ့က ဖမ်းဆီးခံရသည့် နေပြည်တော်က ကိုအောင်သူရနှင့် ကိုသန်းထိုက်အောင်တို့ကို မည်သည့် နေရာတွင် ဖမ်းဆီးထိန်း သိမ်းထားသည်ကို မသိရသေးဘူးဟုလည်း BBC မြန်မာပိုင်း သတင်းဌာနတွင် ဖော်ပြ ထားသည်။
အလားတူ မြိတ်မြို့ တွင် မတ်လ ၁ ရက်နေ့က DVB သတင်းထောက် ကိုအောင်ကျော် ဖမ်းဆီးခံရသည်မှာ ရက် ပေါင်း ၂၀ ကြာရှိပြီဖြစ် သော်လည်း ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးသည့်အတွက် ၎င်း၏ အခြေအနေများသိရှိနိုင် ရေးအတွက် တွေ့ခွင့်ပေးဖို့ တောင်းဆိုနေကြသည်။
မြန်မာနိုင်ငံသားများ၏အခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းစွာဆန္ဒပြခွင့်နှင့် သတင်းအချက်အလက် လွတ်လပ်စွာ ရ ယူနိုင်ခွင့်တို့ကို မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများက ထောက်ခံ အားပေးကြောင်း၊ အင်တာနက်ဖြတ်တောက်ထားခြင်းနှင့် မီဒီယာကိုနှိပ်ကွပ်ထားခြင်းဖြင့် စစ်တပ်၏စက်ဆုပ် ဖွယ်ရာလုပ်ရပ်တို့ကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ကြောင်း မတ်လ ၁၉ ရက်နေ့ က ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။
အဆိုပါကြေညာချက်ကို မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများ ဖြစ်ကြသည့် ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက ပူးပေါင်းလက်မှတ် ရေး ထိုးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသည့် သတင်းထောက်များထဲတွင် အမျိုးသမီး သတင်းထောက် ၅ ဦး နှင့် ကျန် ၃၆ ဦးမှာ အမျိုးသား သတင်းထောက်များ ဖြစ်ကြသည်။
၎င်းတို့အထဲတွင် ပြည်လည်လွတ်မြောက်လာသူ ၂၂ ဦး၊ တရားစွဲခံထားရသူ ၁၁ ဦး ရှိပြီဖြစ်ပြီး လက်ရှိ ထိန်း သိမ်းခံထားရသူမှာ ၁၉ ဦး ရှိသည်ဟု သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် လိုင်စင်ပိတ်သိမ်းခံရသည့် သတင်းမီဒီယာဌာန ၅ ခု၊ တရားစွဲခံထားရသည့် သတင်းဌာန ၁ ခု ရှိပြီဖြစ်သည်။







