ရခိုင်ရိုးရာသင်္ကြန် အကန့်အသတ်ဖြင့်ကျင်းပရန် ပြည်နယ်ကောင်စီ စီစဉ်

ရခိုင်ရိုးရာသင်္ကြန် အကန့်အသတ်ဖြင့်ကျင်းပရန် ပြည်နယ်ကောင်စီ စီစဉ်

ရခိုင်ပြည်နယ်တွင် ရခိုင်ရိုးရာအစဉ်အလာမပျက် သင်္ကြန်ပွဲတော်ကျင်းပမည့်ကိစ္စ အကန့်အသတ်ဖြင့် ကျင်းပသွားရန် စီစဉ်ထားသည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု လျော့ပါးလာသလို တိုက်ပွဲဖြစ်ပွားမှုများလည်း မရှိသဖြင့် သင်္ကြန်ပွဲတော်ကျင်းပမည့်ကိစ္စကို အကန့်အသတ်ဖြင့် ကျင်းပနိုင်အောင် အလွတ်သဘော ဆွေးနွေးထားသည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာအောင်ကျော်မင်းက ပြောသည်။

“ဗဟိုမဏ္ဍပ်တို့ ဘာတို့ မဟုတ်ဘဲနဲ့ ရပ်ကွက် မဏ္ဍပ်သဘောမျိုး ကျင်းပဖို့ရှိပါတယ်။ လောင်းအရှည်ကြီးနဲ့ တစ်ယောက်နဲ့ တစ်ယောက် ရေပတ်တဲ့ဟာမျိုးကို ခြောက်ပေအကွာ အဲပုံစံမျိုး၊ ကိုယ့်ရိုးရာ မပျက်ပေါ့။ နံသာသွေးပွဲတို့ ဘာတို့ဆိုရင်လည်း အရင်လို ရပ်ကွက်အများကြီးမဟုတ်ဘဲနဲ့ ရပ်ကွက် ၁၀ ကွက်လောက် အဲလိုလုပ်ပြီးတော့ ဘုရားရေသပ္ပါယ်မယ်ပေါ့လေ။ အစည်းအဝေးတော့ မဆုံးဖြတ်ရသေးဘူး။ ဒါပေမယ့် အလွတ်သဘောတော့ အဲလိုပုံစံမျိုး ဆွေးနွေးထားတယ်” ဟု ဒေါက်တာ အောင်ကျော်မင်းက ပြောသည်။

သို့သော်လည်း သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် အသေးစိတ်ကို လာမည့် ဧပြီလ ပထမ အပတ်တွင် သင်္ကြန်ကျင်းပရေး ကော်မတီများဖွဲ့စည်းပြီး ဆွေးနွေးသွားရန်ရှိသည်ဟုလည်း ဒေါက်တာအောင်ကျော်မင်းက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်တွင် တိုက်ပွဲဖြစ်ပွားမှုများရှိသဖြင့် မကျင်းပနိုင်ခဲ့သလို ၂၀၂၀ ခုနှစ်တွင်လည်း Covid-19 ကပ်ရောဂါကြောင့် မကျင်းပနိုင်ခဲ့ပေ။

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အာဏာရယူထားခြင်းကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ဆန္ဒပြမှုများဖြစ်ပေါ်နေပြီး နိုင်ငံရေးအခြေအနေက အရေးကြီးသည့်အခြေအနေတွင် လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် ရခိုင်ပြည်နယ်တွင် သင်္ကြန်ပွဲတော်ကျင်းပမည့်ကိစ္စကို မကြိုဆိုကြောင်း ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ မဦးခိုင်သိန်းက ပြောသည်။

“စစ်အာဏာသိမ်းယူမှုကြောင့် ပြဿနာတွေ ရှုပ်ထွေးပြီး လက်ရှိနိုင်ငံရေးအခြေအနေက အရေးကြီးတယ်လို့ ပြောလို့ရတဲ့အနေအထားမှာ သင်္ကြန်ကျဖို့ဟာကိုက ကျမအနေနဲ့ဆိုရင် မကျစေချင်ဘူး။ ရခိုင်ပြည်နယ်မှာ နေတယ်ဆိုပေမယ့် မြန်မာနိုင်ငံသားတစ်ဦးဖြစ်တာကြောင့် လူသားချင်းစာနာထောက်ထားတဲ့ အနေနဲ့ မကျစေချင်ဘူး” ဟု မဦးခိုင်သိန်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ တပ်မတော်အစိုးရမှ အာဏာရယူထားခြင်းမှာ ယနေ့ဆိုလျင် ရက်ပေါင်း ၄၅ ရက်ပြည့်မြောက်ပြီဖြစ်ပြီး၊ မြန်မာနိုင်ငံအနှံ့အပြားတွင် တပ်မတော်မှ အာဏာရယူထားခြင်းကို လက်မခံသဖြင့် ဆန္ဒပြမှုများကြောင့် ဆူပူနေကြသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...