ကျောက်ဖြူမြို့အဝင်/အထွက် စစ်ဆေးရေးဂိတ် ပြန်ရုပ်သိမ်းပေးရန် ဒေသခံများလိုလား

ကျောက်ဖြူမြို့အဝင်/အထွက် စစ်ဆေးရေးဂိတ် ပြန်ရုပ်သိမ်းပေးရန် ဒေသခံများလိုလား

ကျောက်ဖြူ — ကိုဗစ်စစ်ဆေးရေးဂိတ်အဖြစ် ဖွင့်လှစ်ခဲ့သည့် ကျောက်ဖြူမြို့၊ ကျောက်တလုံးဘုရားအနီး အဝင်/အထွက်ဂိတ်တွင် ခရီးသွားကားနှင့် ဆိုင်ကယ်များကို ကိုဗစ်နှင့်မသက်ဆိုင်သည့် စစ်ဆေးမှုများ ရှိနေသည့်အတွက် ပြန်လည်ရုပ်သိမ်းပေးရေးကို မြို့ပေါ်ဒေသခံများနှင့် ခရီးသည်များက လိုလားနေကြသည်။

ကျောက်ဖြူမြို့ဒေသခံ ဦးလှမျိုးကျော်က  “ အခု ကိုဗစ်ကာလ မရှိတော့တဲ့အချိန်မှာ ကျွန်တော်တို့မြို့အနေနဲ့ (စစ်ဆေးမှု) မလိုအပ်တော့ဘူးလို့ ထင်တယ်။ ဒါကို အကြမ်းဖျင်းအနေနဲ့ မြို့ပေါ်ကလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေကို ပြောပြီးပြီ။ ဒါပေမယ့် သူတို့ကတော့ မရုပ်သိမ်းသေးဘူးပေါ့။ ဒီဂိတ်က ပြည်သူတွေကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် မလိုအပ်တော့ဘူးဆိုရင် ရုပ်သိမ်းသင့်နေပြီလို့မြင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်၌ ကိုဗစ်ရောဂါ ဒုတိယလှိုင်းဖြစ်ပွားလာသည့်အချိန်တွင် ကျောက်ဖြူမြို့ အဝင်/အထွက်ဂိတ်ကို ကိုဗစ်ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် စစ်ဆေးမှုများပြုလုပ်ရန် မြို့ခံလူထုများနှင့် ဒေသဆိုင်ရာအာဏာပိုင်များမှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါဂိတ်၌ ရဲတပ်ဖွဲ့ဝင်များက  ခရီးသွားကားများကို စစ်ဆေးခြင်း၊ ကားနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာများကို စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် ခရီးသွားများအနေဖြင့် အချိန်ကြန့်ကြာမှုများ ရှိနေသဖြင့် အဆင်မပြေမှုများ ရှိနေသည်ဟု အမည်မဖော်လိုသည့် ကားသမားတစ်ဦးက ပြောသည်။

“ပုံမှန်သွားနေကြအတိုင်း စစ်ဆေးခံတဲ့အချိန် ကားတွေရှင်းနေရင် သိပ်ပြဿနာမရှိဘူး။ တခါတလေကျရင် ခရီးသည်တွေနဲ့ ရွာကနေ လူနာတွေတင်လို့လာရင် ကိုယ့်ကားရှေ့မှာ လေးငါးစီးလောက် တန်းစီပြီးဖြစ်နေတယ်ဆိုတော့ စိတ်အနှောင့်အယှက်ဖြစ်တယ်။ နောက် ကိုယ့်(ကား)မှာ အရေးပေါ်လူနာပါလို့ တခြားသူကိုကျော်ပြီးပြောရင်လည်း စိတ်ကောင်းတဲ့ ဝန်ထမ်းနဲ့ဆိုရင် အဆင်ပြေတယ်။ တချို့သူတွေနဲ့ဆိုရင် အပြောခံရတာရှိတယ်” ဟု သူကဆိုသည်။

ယခုလို စစ်ဆေးရခြင်းမှာ မြို့နယ်အုပ်ချုပ်ရေးကောင်စီ၏ ညွန်ကြားချက်အတိုင်း ကျောက်ဖြူမြို့ အဝင်/အထွက်ကားမှန်သမျှကို စာရင်းယူရခြင်းဖြစ်ကြောင်းနှင့် သတင်းရရှိမှုအပေါ်မူတည်ပြီး ဆိုင်ကယ်များကိုလည်း စစ်ဆေးမေးမြန်းခြင်းများရှိသည်ဟု ကျောက်တလုံးဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက “ စစ်ဆေးတာက သေသေချာချာ စစ်ဆေးတာမဟုတ်ဘူး။ ကားသမားက ဆင်းပြီးတော့ ကားနံပါတ်ပေးရတယ်။ မှတ်ပုံတင်နံပါတ်၊ မိဘနေရပ်လိပ်စာ ပေးရတယ်၊ အဲလောက်ဆိုရင်ပြီးပြီ။ ကားတစ်စီးလုံးမှာ ပါတဲ့လူတွေကို စစ်ဆေးတာလည်း မဟုတ်ဘူး။ နောက်ပြီးကားတွေမှာ ဘာပစ္စည်းတွေပါလာတယ်ဆိုတာကိုလည်း စစ်ဆေးတာ မဟုတ်ဘူး။ အဲဒါကိုကြည့်ခြင်းအားဖြင့် ဒါဟာ အလုပ်မဖြစ်တဲ့ သဘောဖြစ်နေတယ်။ နောက်ကားတွေ တန်းစီပြီး စောင့်နေရတယ်ဆိုတော့ အများပြည်သူသွားလာနေတာကို အနှောင့်အယှက်ဖြစ်သလို ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုခံစားမိတယ်” ဟု ဆိုသည်။

တစ်ဖက်တွင် ကျောက်ဖြူမြို့နယ်သည် ယခင်ကတည်းက ပဋိပက္ခဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်းအေးချမ်းသည့် ဒေသဖြစ်သလို လက်ရှိအချိန်တွင်လည်း ပို၍တည်ငြိမ်နေသည့်အတွက် အဆိုပါကျောက်တလုံးဂိတ်တွင် စစ်ဆေးမှုပြုလုပ်နေခြင်းမှာ မလိုအပ်တော့သဖြင့် ဂိတ်အားရုပ်သိမ်းရန်လိုအပ်ကြောင်း ဦးဖိုးစံက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဒု-ဦးစီး ဦးကျော်နုကို ဆက်သွယ် မေးမြန်းရာတွင် ဖြေဆို၍မရကြောင်း DMG သတင်းဌာနအား ပြောကြားခဲ့သည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...