မတ် ၃၁ မှာ ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ တရားလိုကို စတင်စစ်ဆေးနိုင်ဟု ရှေ့နေပြော

မတ် ၃၁ မှာ ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ တရားလိုကို စတင်စစ်ဆေးနိုင်ဟု ရှေ့နေပြော

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဗွီဒီယိုအွန်လိုင်းစနစ် (Video Conferencing) ဖြင့် ယနေ့ မတ်လ ၁၇ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်။

ယနေ့ရုံးချိန်းတွင် ၎င်းအားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ မှုခင်းစီမံခန့်ခွဲမှု (CMP) အပြီးသတ် အကြိုညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး အမှုအားစတင်စစ်ဆေးရန်အတွက် လာမည့် မတ်လ ၃၁ ရက်နေ့ကို ရုံးချိန်းလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ပြောသည်။

“တရားရုံးရဲ့သွားလာနေတဲ့အနေအထားရဆိုရင် ၃၁ တစ်ရက်နေ့မှာ တရားလိုစစ်မယ်ဆိုတာမျိုး ကျွန်တော်တို့ ပြောလိုရတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့မှာ နိုင်ငံရေးအခြေအနေတွေ၊ တခြားသော အခြေအနေတွေအပေါ် မူတည်ပြီးတော့လည်း အနေအထားကပြောင်းသွားနိုင်တယ်ပေါ့” ဟု ဦးမျိုးမြတ်ဟိန်းက ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းစဉ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ဖမ်းဆီးခဲ့ပြီး ၂ ရက်အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

ယင်းနောက် ဦးညီပုမှ ပြည်သူသို့ပြန်ကြားချက် ဗွီဒီယိုဖိုင်တစ်ခုကို ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် ဖော်ပြခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် တပ်မတော်သားများမှ လာရောက်ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းမှ တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ - ၅၀၅ (ခ) ဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စစ်တွေမြို့နယ်တရား ရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

လက်ရှိ ဦးညီပုမှာ အကျဉ်းထောင်တွင်မဟုတ်ဘဲ တပ်မတော်၏ ထိန်းသိမ်းမှုအောင်တွင်ရှိနေကြောင်း၊ ယနေ့ ဗွီဒီယိုအွန် လိုင်းစနစ် (Video Conferencing) နှင့် ရုံးထုတ်သည့်အခါလည်း ကျန်းမာရေးကောင်းစွာတွေ့ရ ကြောင်း ရှေ့နေ က ဆိုသည်။

ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ၎င်းအား ဗွီဒီယိုအွန်လိုင်းစနစ် (Video Conferencing) ဖြင့် လူကိုယ်တိုင်ရုံးထုတ် စစ်ဆေးရန် ပြီးခဲ့သည့် ရုံးချိန်းများတွင် တောင်းဆိုမှုများလည်းရှိခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက “ဒါကတော့ သူရဲ့လူခြုံရေးအခြေအနေနဲ့ နိုင်ငံရေးအခြေအနေပေါ်မှလည်း မူတည်မယ်လို့ယူဆပါတယ်။ ကျွန်တော်တို့ ရှေ့နေအနေနဲ့ပြောရမယ်ဆိုရင် သိပ်ပြီးတော့မပြောလိုဘူး။ ဒါပေမယ့် ရှေ့နေတစ်ယောက်အနေနဲ့ ကိုယ့်အမှုသည်အတွက် ပြောရမယ်ဆိုရင် အမှုသည်ကတော့ ရှေ့နေနဲ့အမှုကိစ္စတွေကို ဆွေးနွေးပြီးမှ စစ်ဆေးတာဟာ သူ့ရဲ့ဥပဒေအရ ရပိုင်ခွင့်ရဖို့အတွက် အပြည့်အဝရဖို့အတွက် အထောက်အကူဖြစ်ပါတယ်”ဟု ၎င်းကရှင်းပြသည်။

ရှေ့နေနှင့်အမှုသည်တွဲခြင်းမှာ တရားစီရင်ရေး၌လည်း တရားမျှတမှုအတွက် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရားမျှတမှုရဖို့အတွက် အမှုသည်မှ ၎င်းအမှုနှင့်ပတ်သက်၍ ခုခံချယ်ပသည့်အချိန်တွင်လည်း အရေးပါအရာရောက်ကြောင်း ဦးမျိုးမြတ်ဟိန်းက ဆက်လက်ပြောဆိုသည်။

ဦးညီပုအား စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ - ၅၀၅ (ခ) သည် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်သည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...