စက်ရုံအချို့မီးရှို့ခံရမှုကြောင့် ဇာတိနေရပ်သို့ပြန်ရန် ရန်ကုန်က ရခိုင်အလုပ်သမားအချို့ ငွေကြေးခက်ခဲနေ

စက်ရုံအချို့မီးရှို့ခံရမှုကြောင့် ဇာတိနေရပ်သို့ပြန်ရန် ရန်ကုန်က ရခိုင်အလုပ်သမားအချို့ ငွေကြေးခက်ခဲနေ

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အခြေအနေအရပ်ရပ်များနှင့် ရန်ကုန်တိုင်း လှိုင်သာယာမြို့တွင် အလုပ်စက်ရုံအချို့ မီးရှို့ခံရမှုကြောင့် လုပ်အားခ ငွေကြေးမရရှိကြသည့် ရခိုင်အလုပ်သမားအချို့မှာ မိမိဇာတိနေရပ်သို့ပြန်ရန် ငွေကြေးခက်ခဲနေသည်ဟု ကူညီပေးနေသည့် လှုမှုရေးအသင်းအဖွဲ့အစည်းများထံမှ သိရသည်။

ပြီးခဲ့သည့်အပတ်က လှိုင်သာယာမြို့နယ်တွင် စက်ရုံအလုပ်ရုံအချို့မီးရှို့ခံခဲ့ရပြီး ရွှေပြည်သာမြို့တွင် စက်ရုံအလုပ်ရုံများ ပိတ်ထားခြင်းကြောင့် ရခိုင်တိုင်းရင်းသားများ နေရပ်သို့ပြန်ချင်သော်လည်း ငွေကြေးမရှိ၍ မပြန်နိုင်ကြကြောင်း ရခိုင်လူမှုကူညီရေးအသင်း (ရန်ကုန်) မှ ကိုမင်းသုတက ပြောသည်။

“လှိုင်သာယာနဲ့ရွှေပြည်သာက အလုပ်လက်မဲ့ဖြစ်ကုန်တဲ့ ရခိုင်အလုပ်သမားတွေဟာ နစ်နာကြေးတွေ၊ လစာတွေ မရတာတွေ ရှိကြတယ်။ သူတို့တွေခမြာ ရခိုင်ကို ပြန်ချင်နေပေမယ့် ကားခအတွက် အခက်အခဲဖြစ်နေတာတွေ ရှိတယ်။ အခုအချိန်မှာ ရွာကငွေလွှဲဖို့ဆိုတာကလည်း မလွယ်ကူဘူး။ ဒါကြောင့် တက်နိုင်တဲ့သူတွေအနေနဲ့ သူတို့ကို နေရပ်ပြန်ဖို့အတွက် ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု သူကဆိုသည်။

လက်ရှိတွင် ရခိုင်လူမှုကူညီရေးအသင်း(ရန်ကုန်)မှ နေရပ်ပြန်လိုသူများကို ငွေကျပ်လေးသောင်းနှုန်းဖြင့် ရခိုင်သို့ ပို့ဆောင်ပေးနေပြီး အခြားသော ပုဂ္ဂလိကယာဉ်လိုင်းများဖြင့်လည်း ပို့ဆောင်ပေးမှုများရှိကြောင်း ကိုမင်းသုတက ဆိုသည်။

ရွှေပြည်သာမြို့နယ် စက်မှုဇုံအမှတ် ၅ တွင် နေထိုင်သူ မအေးအေးစန်းရီက “ကျွန်မတို့စက်ရုံက ပြီးခဲ့တဲ့ရက်ပိုင်းက မီးလောင်သွားတော့ လစာတွေလည်းမရလိုက်ဘူး။ အခုအိမ်လခတောင် မပေးနိုင်သေးဘူး။ အိမ်မှာက ခလေးတွေလည်းရှိတော့ ရခိုင်ပြည်နယ်ကို ပြန်ချင်ပေမယ့် လက်ထဲပိုက်ဆံမရှိတော့ ဘယ်လိုပြန်ရမှန်း မသိဘူး” ဟု ဆိုသည်။

မိမိတို့စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူအများစုမှာ ရခိုင်လူမျိုးများဖြစ်ကြပြီး အများစုမှာ ရခိုင်ပြည်နယ်သို့ ပြန်လိုကြသော်လည်း  ငွေကြေးအခက်ခဲများရှိနေကြကြောင်း သူကပြောသည်။

“အခုကလမ်းတွေကိုလည်းမထွက်ရဘူး။ အပြင်တွေကိုလည်း မသွားရဘူး။ ရှိတာလေးနဲ့ပဲ ကုပ်ကတ်ပြီး ဖြစ်သလိုစားနေကြရပါတယ်။ ဖြစ်နိုင်ရင် ရခိုင်ပြည်နယ်ကို အမြန်ဆုံးပြန်ချင်ပေမယ့် လက်ထဲမှာ ငွေမရှိတော့ ဒီလိုပဲ ဖြစ်သလို နေနေကြရပါတယ်” ဟု မအေးအေးရီက ဆိုသည်။

လက်ရှိတွင် စက်ရုံမှာ လစာမဲ့ဖြင့် ပိတ်ထားသည့်အတွက် စားဝတ်နေရေးကြပ်တည်းနေပြီး အချို့ အသိမိတ်ဆွေများမှာ ချေးငှားစားသောက်နေကြရကြောင်း ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုံတွင် လုပ်ကိုင်နေသူ ကိုဇော်ဝင်းနိုင်ကပြေသည်။

“ကိုဗစ်ကာလကတည်းက OT (အချိန်ပို) တွေလည်း မရှိတော့ ငွေပိုငွေလျှံတွေလည်း မရှိခဲ့ဘူး။ နောက်ပြီး ဆန္ဒစပြတဲ့ အချိန်ကစပြီး စက်ရုံကို လစာမဲ့ပုံစံမျိုးပိတ်ထားခဲ့တာ။ ဒီကြားထဲမှာရှိတာတွေနဲ့ပဲ စားနေကြရတယ်။ အိမ်ပြန်ဖို့ကျတော့လည်း ပိုက်ဆံကမလောက်တော့ဘူး” ဟု သူကရှင်းပြသည်။

အလားတူ လှိုင်သာယာမြို့နယ်တွင် အလုပ်လုပ်ကိုင်နေသော ရခိုင်လူမျိုးများအနက် ရခိုင်ပြည်နယ်သို့ ပြန်လိုသူအချို့ကို ငွေရေးကြေးရေးလိုအပ်ချက်အရ ဦးရာလူစနစ်ဖြင့် အခမဲ့ ပို့ဆောင်ပေးရန် စီစဉ်မှုများရှိနေ ကြောင်း ရခိုင်သဟာယအသင်း တာဝန်ရှိသူများထံမှ သိရသည်။

ကိုဗစ်ကာလမှစတင်ကာ စက်ရုံအလုပ်ရုံများရပ်နားမှုများကြောင့် ရန်ကုန်ရောက် ရခိုင်အချို့ ရခိုင်ပြည်နယ်သို့ ပြန်လာမှုများရှိခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှ စတင်ကာ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်သို့ ပြန်လာသူ ဦးရေ နှစ်ထောင်ကျော်ခန့် ရှိနေပြီဖြစ်ကြောင်း နေရပ်ပြန်လာသူများအရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...
May 13, 2026
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ...