ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်ထဲက ကချင်စစ်ရှောင်များ မူလနေရပ် စစ်ရှောင်စခန်းများသို့ ပြန်နေထိုင်ခွင့်ရ ပြီဟု စစ်ရှောင်များက ပြောသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက မူလ IDPs စစ်ရှောင်စခန်းများကို ပြန်နေရန် ခွင့်မပြုခဲ့သည့်အတွက် ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် PCG ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့ရာ ယမန်နေ့ ည ၁၀ ခွဲ အချိန်ခန့်က ပြန် လည်ဝင်ရောက်နေထိုင်ခွင့် ရခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
စစ်ရှောင်တစ်ဦး “ဟုတ်ကဲ့ ကျနော်တို့ ဒီစစ်ရှောင်စခန်းတွေကို မနေ့ည ၁၀ နာရီနောက်ပိုင်းလောက်မှာ ပြန်ရောက် တာ ပေါ့နော်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ညှိနှိုင်းပေးလို့ ပြန်နေထိုင်ခွင့်ရတာပါ” ဟု ပြောသည်။
စစ်ရှောင်များအား ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကလည်း “PCG က လူကြီးတွေနဲ့ ကချင်ပြည်နယ် ညှိနှိုင်းရေး ကော်မတီလား အဲ့ဒါ ဒီ ဦးဖောင်လားဂမ်ဖန်တို့ကရောပေါ့ သူတို့က ညှိနှိုင်းပေးလို့ ပြန်လို့ရခဲ့တာပါ။ သက်ဆိုင်ရာကို ပြန်ညှိပေးတာမျိုးပေါ့။ အဲ့ဒါကြောင့် အခုအကုန်လုံး စစ်ရှောင်စခန်းကို ပြန်ရောက်နေပါပြီ။ ပလန စိန့်ဂျိုးဇက် စစ် ရှောင်စခန်းနဲ့ ပလန တြီနတီစစ်ရှောင်စခန်းတွေမှာ ပြန်နေနေကြပါပြီ။ အခုစစ်ရှောင်က ၁၉၈ ယောက် ရှိတယ်လို့ စာရင်းရထားတယ်” ဟု ဆက်ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်တို့အကြား မတ်လ ၁၅ ရက်နေ့က စတင်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် အင်ဂျန်းယန်မြို့နယ်အတွင်း က ဂွေထောင်၊ တန်ဘောင်ယန်၊ ပစီဇွပ် နှင့် ဆနီတူယန်ကျေးရွာတို့မှ ရွာသား ၂၀၀ နီးပါးခန့် စစ်ရှောင်စခန်းများသို့ ပြန်လာကြခြင်း ဖြစ်သည်။
“တိုက်ပွဲက ဆက်ဖြစ်နေတယ်။ မနေ့ညကတော့ ၁၁ နာရီ၊ ၁၂ နာရီအထိ တိုက်ပွဲတွေဖြစ်နေတယ်။ ဒီမနက်တော့ ဖုန်း မရသေးတော့မသိသေးဘူး။ ဒါပေမယ့် ဒီမနက်မှာပဲ ရွာမှာကျန်ခဲ့တဲ့လူတွေလည်း တန်ဖဲကို ပြန်ရောက်လာကြဗျ။ တိုက်ပွဲက ဂွေထောင်မှာ ဖြစ်နေတာပါ။ အခုက အခြေအနေက ဆိုးလာလို့ ကျန်ခဲ့တဲ့လူတွေလည်း အကုန်ပြန်လာကြ တာလို့ ပြောတယ်” ဟု စစ်ရှောင်တစ်ဦး က ပြောသည်။
အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ကျေးရွာလေးရွာက စစ်ရှောင် ၂၀၀ နီးပါးမှာ ယမန်နေ့ည ၁၀ ခွဲ အချိန်ခန့်ကစပြီး ပလန ကျေးရွာအုပ်စုအတွင်းက တြီနတီနှင့် စိန့်ဂျိုးဇက် စစ်ရှောင်စခန်းများသို့ ပြန်ရောက်လာကြခြင်းဖြစ်သည်။
အဆိုပါ စစ်ဘေးရှောင်များမှာ ၂၀၁၈ ခုနှစ်ကတည်းက ၎င်းတို့ဒေသအတွင်းက တိုက်ပွဲများကြောင့် မြစ်ကြီးနား ပလန ကျေးရွာအုပ်စုအတွင်းက စစ်ဘေးဒုက္ခသည် စခန်းနှစ်ခုတွင် ခိုလှုံခဲ့သူများဖြစ်သည်။ ထို့နောက် ပြီးခဲ့ ၂၀၂၀ ခုနှစ်က ဖြစ်ပွားလာသည့် COVID-19 ကပ်ရောဂါကြောင့် နေထိုင်လုပ်ကိုင်စားသောက်ရေး အဆင်မပြေလာသည့်အတွက် မိသားစု စားဝတ်နေရေး အတွက် နေရပ်ပြန်ကာ တောင်ယာလုပ်ငန်းများ သွားရောက် လုပ်ကိုင်နေသူများဖြစ်သည်။
မတ်လ ၁၅ ရက်နေ့ ညနေပိုင်းက စတင်ပြီး ကချင်ပြည်နယ်မြောက်ပိုင်း မြစ်ဆုံအထက်ဘက်၊ ဧရာဝတီမြစ်အရှေ့ ဘက်ခြမ်းတွင် KIA တပ်မဟာ (၁) တပ် ရင်း ၄ နှင့် အာဏာသိမ်းစစ်ကောင်စီ၏ ခလရ ၁၄၂ တပ်ရင်းတို့ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်အတွက် ထပ်မံစစ်ရှောင်လာကြသူများ ဖြစ်ကြသည်။
ယခုစစ်ရှောင်လာကြသူများထဲတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် လသားအရွယ် ကလေးငယ်များလည်း ပါဝင်သည်။







