မြေပုံ အငူမော်စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာနှင့် မီးဖိုချောင်သုံးပစ္စည်း လိုအပ်နေ

မြေပုံ အငူမော်စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာနှင့် မီးဖိုချောင်သုံးပစ္စည်း လိုအပ်နေ

လူဦးရေ ၃၀၀ ကျော်ရှိသည့် မြေပုံမြို့ အငူမော်စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာအပြင် မီးဖိုချောင်သုံး ပစ္စည်းများ အရေးတစ်ကြီး လိုအပ်နေကြောင်း ကူညီပေးနေသူများထံမှ သိရသည်။

စစ်ဘေးရှောင်များမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ စတင်ကာ ကူညီထောက်ပံ့မှုများ လျော့နည်းသွားကြောင်း ဒုက္ခသည် ဒေါ်မတင်သိန်းက DMG သို့ ပြောသည်။

“ အရင်တုန်းက ဘုန်းကြီးကျောင်းမှာနေတုန်းက ထောက်ပံ့ဖို့ အလှူရှင်တွေ ပုံမှန်ရောက်ကြတယ်ပေါ့နော်။ ဒီနေရာ အသစ်ကိုရောက်ပြီးကတည်းက ထောက်ပံ့ဖို့လည်း ပုံမှန်မရောက်တော့ဘူး။ ၂ လပိုင်းကဆိုရင် ထောက်ပံ့ပေးဖို့ မရောက်ကြတဲ့အတွက် အလုပ်လုပ်လို့စားခဲ့ရတယ်။ ” ဟု ပြောသည်။

အငူမော်စစ်ဘေးရှောင်စခန်းတွင် ယခုနေထိုင်လျက်ရှိသည့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ ယခင်က မြေပုံမြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ခိုလှုံခဲ့ကြရသည်။

လတ်တလောထောက်ပံ့နေသည့် အဖွဲ့အစည်းများမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၊ နိုင်ငံတကာကြက်ခြေနီ (ICRC) နှင့် မြေပုံမြို့နယ်လုံးဆိုင်ရာ ဘေးဒုက္ခသည်များ ကူညီထောက်ပံ့ရေးအဖွဲ့ (VSCN) တို့မှ အဓိက ထောက်ပံ့လျက်ရှိနေသည်။

WFP မှ တစ်လလျင် ငွေကျပ်တစ်သောင်းခွဲ၊ ICRC မှ မိသားစုတစ်ခုလျင် လောင်စာတစ်အိတ်တို့ကို ပုံမှန်ထောက်ပံ့လျက်ရှိကြောင်း ဒုက္ခသည်များက ဆိုသည်။

စစ်ဘေးရှောင် ဒေါ်ဖြူမက “ ကျမတို့ကို လောင်စာတစ်ထုတ်ပဲ ပေးတော့ ဘယ်လိုလုပ်ပြီး လုံလောက်မလဲ။ တစ်လမှာ ၃ အိတ်လောက်တော့ ပေးသင့်တယ်။ လောင်စာ မလောက်ငလို့ ဝယ်ဖို့အတွက်ကျတော့လည်း ပိုက်ဆံမရှိဘူး။ ” ဟု ပြောသည်။

စားဝတ်နေရေးလုံလောက်မှုမရှိ၍ အလုပ်လုပ်ကိုင်မည်ဆိုလျင်လည်း အလုပ်အကိုင် ရှားပါးသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းပေးရန် လိုအပ်ကြောင်း အဆိုပါ စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဦးမောင်မောင်သန်းက ပြောသည်။

“ ကျနော်တို့အနေနဲ့တော့ တောင်သွားပြီး ထင်းရှာ၊ ဝါးခုတ်လုပ်မယ်ဆိုရင်လည်း မိုင်းပေါက်ကွဲတဲ့အတွက် တစ်ခုခု ဖြစ်မှာကို စိုးရိမ်တယ်။ ကြောက်လို့မသွားရဲဘူး။ တခြားအလုပ်ကလည်းမရှိ။ စားဖို့သောက်ဖို့က အရမ်းအခက်အခဲဖြစ်တယ်။ ” ဟု ပြောသည်။

စဘေးရှောင်ဒုက္ခသည်များမှာ နေရပ်ပြန်ချင်ကြသော်လည်း ကျေးရွာအနီး တပ်ရှိနေခြင်းနှင့် မိုင်းရှင်းလင်းရေး မလုပ်ပေးသည့်အတွက် မပြန်ရဲကြောင်း၊ မိမိအိမ် ပြန်သွားသော်လည်း အလုပ်အကိုင်မရှိသည့်အတွက် စားဝတ်နေရေး အခက်အခဲဖြစ်မည်ကို စိုးရိမ်နေကြောင်း ဒုက္ခသည်များက ပြောသည်။

အငူမော်စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွင် မြေပုံမြို့နယ် ယိုးချောင်း၊ စညှင်းတို့က ကျေးရွာသားများ လာရောက်ခိုလှုံနေကြခြင်းဖြစ်ကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခြင်း ၂ နှစ်တာကာလအတွင် အိမ်မပြန်နိုင်သည့် စစ်ဘေးရှောင်ဦးရေ တစ်သိန်းသုံးသောင်းရှစ်ရာကျော်ရှိသေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်အစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...