စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်ဖြိုခွင်းခြင်း၊ ပစ်သတ်ခံရခြင်းများကြောင့် သေဆုံးသူ ၁၈၃ ဦး ရှိသွားပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန် ထားသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးတွင် သေဆုံးသူ ၁၈၄ ယောက် ရှိပြီဟု AAPP က ယမန်နေ့က ထုတ်ပြန်ထားသည်။
မတ်လ ၁၅ ရက်နေ့က တစ်နိုင်ငံလုံးတွင် သေဆုံးသူ အရပ်သားပြည်သူ ၂၀ ဦး၊ မတ်လ ၁၄ ရက်နေ့ က လှိုင်သာ ယာမြို့နယ်အပါအဝင် အခြားသော ပြည်နယ်နှင့် တိုင်းအသီးသီးတွင် သေဆုံး ၇၄ ဦး ရှိပြီ ဟု AAPP ၏ စာရင်း များအရ သိရသည်။
“လှိုင်သာယာမှာ မှာ ညအချိန်ဆိုလည်း နေရာအနှံ့မှာ စစ်တပ်က လိုက်ပစ်နေတာ။ အသံဗုံးတွေလည်း ဖောက် တယ်။ လူတွေလည်း မနေရဲကြတော့ဘူး။ အဆောင်မှာနေတဲ့လူတွေက ပြန်နေကြပြီ၊ ကြောက်တာရော၊ အလုပ်တွေက အဆင်မပြေတာတွေရောကြောင့် ပြန်ကုန်ကြတာပါ။ ပစ်သံတွေကလည်း အမြဲကြားနေရတယ် နေ့တိုင်းပဲ။ သေတာလည်း များလာတယ်” ဟု လှိုင်သာယာဒေသခံက ပြောသည်။
လှိုင်သာယာ မြို့နယ်အတွင်းက အောင်ဇေယျ တံတားထိပ်၊ တံတားဖြူ၊ ကျန်စစ်သားအိမ်ရာ၊ မီးခွက်စျေး၊ ၈၆ ဂိတ်ဟောင်း၊ လှိုင်သာယ ၁၂၄ ရပ်ကွက် အစရှိသည့်နေရာများတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများ၊ သေဆုံးသူများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
လှိုင်သာယာမြို့နယ်ထဲက ရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံ၊ ရွှေနဂါးဓါတ်မြေဩဇာစက်ရုံ၊ ငွေ ကြယ် ၂ စက်ရုံများ မီးလောင်ကျွမ်းမှုများ ဖြစ်ခဲ့ညပြီးနောက် ယခုကဲ့သို့ အခြေအနေများ ပိုမိုးဆိုးရွာလာခဲ့ပြီး မတ် လ ၁၄ ရက်နေ့က စတင်၍ စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်ကြေငြာခဲ့သည်။
ရန်ကုန်တွင်သာမကပဲ ပြည်နယ်များတွင်လည်း သေဆုံးသူများ ရှိလာနေသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ဆန္ဒပြလူငယ်တစ်ဦးက “ကျနော်တို့က ရိုးရိုးဆန္ဒပြပဲ၊ သူတို့က အခုလိုမျိုး စနိုက်ပါနဲ့ ပစ်တယ်၊ အခုဆိုရင် မြစ်ကြီးနားမှာ ၂ ယောက်ကျပြီ၊ ဖားကန့်မှာလည်း သေဆုံးတာတွေရှိနေပြီ၊ မြန်မာတစ်နိုင်ငံလုံးမှာလည်း နေ့တိုင်း ကျဆုံးက များများလာတယ်။ ကျနော်တို့ Gen Z တွေက ပြောချင်တာ က ဒီလောက်အဆင့်မလိုပါဘူး။ ကျနော်တို့က ကိုယ့်ရဲ့ ရပိုင်ခွင့်အတွက် ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတာပါ။ ဒီ လိုမျိုး ဖြစ်လာပြီဆိုတော့ ကျနော်တို့ကလည်း နောက်ဆုတ်မှာမဟုတ်ဘူး။ ရှေ့ဆက်တိုးပြီး လုပ်သွားဖို့ပဲ ရှိပါ တယ်” ဟု ပြောသည်။
လှိုင်သာယာမြို့နယ် အပါအဝင် ရန်ကုန်တိုင်းအတွင်းက ရွှေပြည်သာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက် ပိုင်း၊ ဒဂုံဆိပ်ကမ်း နှင့် မြောက်ဥက္ကလာပ တို့အား အာဏာသိမ်းစစ်အုပ်စုမှ စစ်အုပ်ချုပ်ရေး(Martial Law) အာ ဏာကို ကျင့်သုံးရန် ထုတ်ပြန် ကြေညာခဲ့ပြီး အဆိုပါ မြို့နယ်များတွင် စစ်ခုံရုံး နှင့် စစ်ဆေးစီရင်နိုင်သည့် ပြစ်မှု ၂၃ ခုကို ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၁၇၅) ဦးထိရှိခဲ့ပြီ ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ မှတ်တမ်း ပြုချက်များအရ သိရသည်။
၎င်းတို့အနက် ထောင်ဒဏ် ချမှတ်ခြင်းခံ ထားရသူ (၃) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်း ခံထားရ သောကြောင့် တိမ်းရှောင်နေသူ (၇၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၁၉) ဦးရှိရာ၊ လက်ရှိ အချိန်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူမှာ (၁၈၅၆) ဦး ရှိသည်ဟု AAPP က ထုတ်ပြန်ထားသည်။







