ကချင်ပြည်နယ် မြောက်ပိုင်း၊ အနောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် KIA နှင့် အာဏာသိမ်းစစ်အုပ်စု တပ်ဖွဲ့များအကြား ယနေ့ မတ်လ ၁၅ ရက်နေ့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ကချင်ပြည်နယ် အနောက်ပိုင်း တနိုင်းလီဒိုလမ်းမပေါ်ရှိ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်ကျေးရွာ အနီးရှိ ဌာနေပြည်သူ့စစ် စခန်းတစ်ခုဖြစ်သည့် စံပြပြည်သူ့စစ် စခန်း အား KIA က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ။
ထို့အပြင် ကချင်ပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ (၁) နယ်မြေအတွင်းရှိ မြစ်ဆုံအထက်ဘက်၊ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတွင် လည်း KIA တပ်ရင်း ၄ နှင့် အာဏာသိမ်းစစ်ကောင်စီ၏ ခလရ ၁၄၂ တပ်ရင်းတို့ အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။
အလားတူ ကချင်ပြည်နယ် တောင်ပိုင်းဒေသ ဖားကန့်ခရိုင် ကားမိုင်းမြို့နယ်၊ နမ့်ရှမ်ကျေးရွာ အနောက်ဘက်တွင်လည်း KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်းဖြစ်သည့် ရင်း ၄၄ နှင့် တပ်မတော် ခမရ ၃၈၁ တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်ဟုလည်း သိရသည်။
ရှဒူးဇွပ်ကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “မနက်ပိုင်းမှာ ဖြစ် တာပါ။ ဒီနေ့မနက်မှာ ဒီ KIA က လာပစ်တာပေါ့နော်။ အဲ့လိုပြောလို့ ရ တယ်။ မနက် အစောကြီးကနေ ဖြစ် တာ။ ဒီနေ့မနက် ၅ နာရီလောက်မှ ပြန်ငြိမ်သွားကြတာ။ လက်နက်ကြီး သံတွေလည်း ကြား တယ်။ ဒီတိုင်းပဲ ပစ်ကြတာပဲ။ အသံတွေကြားနေရတာ။ ရွာကနေ သေနတ်သံ၊ လက်နက် ကြီးသံတွေက ကြား နေရတာပဲ” ဟု ပြောသည်။
“တိုက်ပွဲကလည်း မနက် ၂ နာရီလောက်မှာဖြစ်တယ်။ သူတို့ဟာ သူတို့ အပြင်မှာဖြစ်ကြတယ်။ ရွာထဲမှာတော့ ဘာမှ ဖြစ်တာ မရှိဘူး။ ကျနော်တို့က တိုက်ပွဲအသံကြားတော့ အခြေအနေတော့ စောင့်ကြည့်ရတာပေါ့။ ထွက် ပြေးရမလား၊ ဘယ်လိုလုပ်ရမလဲနော်။ ဟိုး မနက် ၅ နာရီကျော်ကျော်လောက်ကြတော့ ပြန်ငြိမ်သွားတယ်။ ဘာသံမှ မကြားတော့ဘူး။”
ရှဒူးဇွပ်ကျေးရွာတွင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်ရင်း ခလရ (၂၉၇) နှင့် ရှမ်းနီပြည်သူ့စစ်များ အခြေ စိုက်သည့်နေရာဖြစ်သည်။
အဆိုပါနေရာသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်ရင်း ၁၄ နှင့် နီးစပ်သည့် နေရာလည်း ဖြစ်သည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ယနေ့ နံနက်ပိုင်းတွင်လည်း ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် စစ်တပ်၏ ရဟတ်ယာဉ် ပျံဝဲ လျှက်ရှိသည်။
ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့ အကြား ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သာမက က ချင်ပြည်နယ်တွင်ပါ ယခုလ ၁၁ ရက်နေ့ကစပြီး တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေသည်ဟု KIO/KIA က ပြောသည်။







