ANPမှ နုတ်ထွက်လိုသူများအနေဖြင့် ပါတီရုံးသို့ နုတ်ထွက်စာ တိုက်ရိုက်ပေးပို့ရန်လိုအပ်ဟု ပါတီဥက္ကဋ္ဌဆို

ANPမှ နုတ်ထွက်လိုသူများအနေဖြင့် ပါတီရုံးသို့ နုတ်ထွက်စာ တိုက်ရိုက်ပေးပို့ရန်လိုအပ်ဟု ပါတီဥက္ကဋ္ဌဆို

ထွန်းခိုင် — ရခိုင်အမျိုးသားပါတီ (ANP) မှ နုတ်ထွက်လိုသော ပုဂ္ဂိုလ်များအနေဖြင့် နုတ်ထွက်စာကို အွန်လိုင်းပေါ်တွင် မတင်ဘဲ ပါတီရုံးချုပ်သို့ တရားဝင် ပေးပို့ရန် လိုအပ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောဆိုသည်။

“တချို့ ပုဂ္ဂိုလ်တွေက အွန်လိုင်းပေါ်မှာ နုတ်ထွက်စာတင်ထားတဲ့ လူတွေရှိတယ်လို့ ကျနော်တို့ သိရတယ်။ အွန်လိုင်းပေါ်မှာ တင်ထားတဲ့ သူတွေကလည်း အမှန်တကယ် ပါတီက နုတ်ထွက်လိုတဲ့ ဆန္ဒရှိရင်တော့ ပါတီရုံးကိုရောက်အောင် ပို့ပေးစေချင်တယ်ဟု ပြောသည်။

၄င်းအပြင် နုတ်ထွက်လိုသော ပုဂ္ဂိုလ်များအနေဖြင့် နုတ်ထွက်စာကို ပါတီသို့ မပို့ဘဲ အွန်လိုင်းပေါ်တွင် တင်ခြင်းမှာ မဖြစ်သင့်ဟု ဆက်လက်ပြောဆိုသည်။

“ လိုင်းပေါ်မှာတင်ပြီး ပါတီကို သိက္ခာချသလို၊ အပုပ်ချသလို အဲလိုလုပ်တာ မလိုအပ်ဘူးလို့မြင်တယ်။ အဲဒါတွေက မကောင်းတဲ့ လက္ခာဏာတွေလို့မြင်တယ်။ အဲဒါကြောင့် နုတ်ထွက်လိုတဲ့ ပုဂ္ဂိုလ်တွေ၊ အွန်လိုင်းပေါ်မှာတင်ထားတဲ့ ပုဂ္ဂိုလ်တွေက  ပါတီရုံးကို နုတ်ထွက်စာလျှောက်လွှာကို ရောက်အောင် ပို့ဖို့လိုတယ် ” ဟုပြောသည်။

လက်ရှိတွင် ပါတီမှ နုတ်ထွက်စာတင်သူ ၃ ဦးစာသာ ပါတီ ရုံးချုပ်သို့ ရောက်ရှိလာသည်ဟု ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

ပါတီရုံးသို့ နုတ်ထွက်စာတင်လာသူ ၃ ဦးမှာ ဦးသိန်းအေးကျော် (ANP ပါတီဝင်)၊ ဦးထွန်းထွန်းနိုင် (ANP ပါတီကိုယ်စားပြုပြီး အမ်းမြို့နယ်၊  ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ) နှင့် ဦးမောင်ဝင်းသိန်း (ANP Youth Wing အဖွဲ့ဝင်) တို့ဖြစ်ပြီး ထိုအထဲမှ ဦးသိန်းအေးကျော်နှင့် ဦးမောင်ဝင်းသိန်းတို့ကို နုတ်ထွက်ခွင်ပြုထားကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ဒေါ်အေးနုစိန် နိုင်ငံတော်ကောင်စီဝင်ဖြစ်သွားပြီးနောက် ပါတီရုံးသို့ နုတ်ထွက်စာ ပေးပို့လာသူ ၃ ဦးရှိပြီး သူတို့အားလုံးမှာ သဘောရိုးအတိုင်း နုတ်ထွက်ခြင်းသာဖြစ်သည်ဟုလည်း ပြောသည်။

“နောက်တစ်ခု မီဒီယာတွေမှာပြောဆိုနေတာက ဒေါ်အေးနုစိန် နိုင်ငံတော်ကောင်စီဝင်မှာပါသွားလို့ ပါတီက နုတ်ထွက်ခွင့်တောင်းနေတယ်ဆိုပြီးတော့ အဲဒီလို မီဒီယာတွေမှာ ပြောဆိုနေတာတွေရှိတယ်။ ဒါပေမယ့် ကျနော်တို့ ပါတီရုံးကိုရောက်တဲ့ နုတ်ထွက်ခွင့်တင်ထားတဲ့ လျှောက်လွှာသုံးစောင်လုံးမှာ ဒေါ်အေးနုစိန် နိုင်ငံတော်ကောင်စီဝင်အဖြစ် ပါသွားလို့ဆိုတဲ့ အကြောင်းအရာ ဘာမှ ပါလာတာမတွေ့ဘူး။ သူတို့ဘာသာ သူတို့ ရိုးရိုးသားသားနဲ့ ပါတီမှာ လုပ်ကိုင်လိုစိတ်မရှိလို့ နုတ်ထွက်ခွင့်တင်တာကိုပဲ ကျနော်တို့ တွေ့ရတယ်” ဟုပြောသည်။

ပါတီမှ နုတ်ထွက်လိုသည့် ပုဂ္ဂိုလ်များမှာ သဘောရိုးအတိုင်း နုတ်ထွက်ခွင့်ဖြစ်သည့်အတွက် ဒေါ်အေးနုစိန် နိုင်ငံတော်ကောင်စီဝင်ဖြစ်သွားသည့်အတွက် နုတ်ထွက်ရခြင်းဖြစ်သည်ဟု မီဒီယာများတွင် ချဲ့ကားမပြောဆိုရန်လည်း ပါတီဥက္ကဋ္ဌက တိုက်တွန်းပြောဆိုလိုက်သည်။

“အဲဒါကြောင့် ဒေါ်အေးနုစိန် နိုင်ငံတော်ကောင်စီဝင်အဖြစ် ပါသွားလို့ဆိုတဲ့ မီဒီယာမှာ ချဲ့ကားပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ပြောဆိုနေတဲ့ သတင်းတွေလည်း ကျနော်တို့ ကြားသိနေရတယ်။ အဲဒီလိုအကြောင်းအရာမျိုး ကျနော်တို့ပါတီကို နုတ်ထွက်စာတင်တဲ့ လျှောက်လွှာမှာ လုံးဝပါလာတာ မတွေ့ရတဲ့အတွက်ကြောင့် မီဒီယာတွေမှာ အဲဒီလို ချဲ့ကားပြီး မပြောသင့်ဘူးလို့မြင်တယ် ” ဟုပြောသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...