ခိုလှုံလာသူများအား နေရပ်ပြန်ပို့မည်မဟုတ်ကြောင်း အိန္ဒိယ ဗဟိုအစိုးရပြော 

ခိုလှုံလာသူများအား နေရပ်ပြန်ပို့မည်မဟုတ်ကြောင်း အိန္ဒိယ ဗဟိုအစိုးရပြော 

လက်ရှိနိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံလာသူများအား မြန်မာနိုင်ငံသို့ ပြန်ပို့မည်မဟုတ်ကြောင်း အိန္ဒိယ ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးက ပြောဆိုသည်။ 

 

အိန္ဒိယဗဟိုအစိုးရ Union Home Minister Amit Shah သည် မတ်လ ၁၀ ရက်နေ့က မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါနှင့် ဖုန်းဖြင့်စကားပြောဆိုခဲ့ရာ Union Home Minister က ထိုကဲ့သို့ပြောဆိုလာခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်ဒေသထုတ် ညစဉ်သတင်း Zonet တွင် ဖော်ပြသည်။ 

 

တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာသိမ်းယူကာ စစ်ကောင်စီဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒဖော်မှု ဖြစ်ပွားလျှက်ရှိပြီး တက်ကြွလှုပ်ရှားသူများနှင့် CDM ဝင်သည့် ရဲတပ်ဖွဲ့ဝင်များသည် လုံခြုံရေးအခြေနေကြောင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် မီဇိုရမ်သို့ ထွက်ပြေးခိုလှုံခဲ့ကြခြင်းဖြစ်သည်။ 

 

မီဇိုရမ်အစိုးရအနေဖြင့် မြန်မာပြည်ကနေ ထွက်ပြေးခိုလှုံလာသော ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး National Human Right Commission ထံ တင်ပြထားပြီဖြစ်ကြောင်းနှင့် ယခုလက်ရှိအခြေအနေတွင် ဒုက္ခသည်အရေအတွက်အားဖြင့် မများသေးသော်လည်း လက်ရှိအခြေအနေအရ ဒုက္ခသည်တိုးလာနိုင်သည့်အတွက် မီဇိုရမ်အစိုးရအနေဖြင့် ပြင်ဆင်ထားကြောင်း သိရသည်။ 

 

စစ်အာဏာရှင်စနစ်အောက်တွင် အလုပ်မလုပ်လိုတော့သည့်အတွက် CDM ဝင်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံနေသော မြန်မာရဲတပ်ဖွဲ့ဝင် ရှစ်ဦးကို ပြန်လည်လွဲပြောင်းပေးဖို့ မီဇိုရမ်အစိုးရကို ချင်းပြည်နယ် ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက ပြီးခဲ့သည့် မတ် ၅ ရက်က တောင်းဆိုခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...