CRPH ၏ နိုင်ငံရေးရည်မှန်းချက်များကို လက်ခံ၍ရသော်လည်း ပိုမိုပွင်းလင်းရန် လိုအပ်ကြောင်း ရခိုင်အသိုင်းအဝိုင်းကဆို

CRPH ၏ နိုင်ငံရေးရည်မှန်းချက်များကို လက်ခံ၍ရသော်လည်း ပိုမိုပွင်းလင်းရန် လိုအပ်ကြောင်း ရခိုင်အသိုင်းအဝိုင်းကဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးတို့သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ နိုင်ငံရေး ရည်မှန်းချက်များဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

CRPH အနေဖြင့် စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာသိမ်းသံသရာ ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသည့် နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် အထက်ဖော်ပြပါ နိုင်ငံရေးရည်မှန်းချက်များအပါအဝင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေးတို့ဖြစ်ကြောင်း CRPH ၏ ထုတ်ပြန်ချက်က ဆိုသည်။  

အဆိုပါ ကြေညာချက်မှာ ထုတ်ပြန်ချက်အနေဖြင့်ကောင်းသော်လည်း CRPH အနေဖြင့် လက်နက်ကိုင် တော်လှန်ရေးအင်အားစု (EAOs) များနှင့် ထိတွေ့ပြောဆိုဆက်ဆံမှုများ ပြုလုပ်ရန်လိုအပ်ကြောင်းနှင့် ပြောဆိုသည့်အတိုင်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရန်လိုအပ်ကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၏ ဒါရိုက်တာ ဦးခိုင်ကောင်းစံ ကပြောသည်။

“ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ EAOs တွေကအစ ပြီးခဲ့တဲ့ NLD အစိုးရအပေါ်မှာ ယုံကြည်မှုတွေ အားနည်း လာတယ်၊ ပျောက်ပယ်လာတယ်။ တိုင်းရင်းသားတွေနဲ့လည်း ဆက်ဆံမှုတွေက ပျောက်ပယ်အားနည်းခဲ့တဲ့ အတွက် အဆင်မပြေမှုတွေအများကြီးရှိတယ်။ ဒါတွေကို တည်ဆောက်ရဖို့အတွက် လက်တွေ့ဆန်တဲ့ လုပ်ဆောင်မှုတွေကို လုပ်ဖို့လိုအပ်တယ် ” ဟု ၎င်းက ဆိုသည်။

CRPH ၏ ရည်မှန်းချက်များတွင် ဖက်ဒရယ်ဒီမိုကရေစီဆိုသည့်အသုံးအနှုန်များနှင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ဖျက်သိမ်းရေးစသည့် အချက်များပါဝင်လာခြင်းသည် တိုင်းရင်းသားများအနေဖြင့် လက်ခံလို့ရသည့် အနေအထားတွင်ရှိသော်လည်း ယုံကြည်ရန်အတွက် ခက်ခဲသည့်အနေအထားတွင် ရှိနေသည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီ အတွင်းရေးမှူး  ဦးမျိုးကျော်က ပြောသည်။

“ အခုထုတ်ပြန်တာက ကျနော်တို့နဲ့ တိုင်းရင်းသားတွေတောင်းဆိုနေတာကို အရိပ်အယောင်မြင်ရတယ်။ အဲဒီမှာ သုံးထားတွေက ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့အရာမျိုးတွေပါလာတယ်။ နောက် ဖွဲ့စည်းပုံဖျက်သိမ်းရေးဆိုတဲ့အရာ တွေပါလာတယ်။ ဒါတွေက တိုင်းရင်းသားတွေအနေနဲ့ လက်ခံလို့ရတဲ့အနေအထားဖြစ်လာတယ်။ ဒါပေမယ့် ပြည်ထောင်စုထဲမှာရှိနေတဲ့ တိုင်းရင်သားတွေက အမြဲတမ်းအဲဒီစကားလုံးတွေ၊ ဝေါဟာရတွေနဲ့နေပြီး လှည့်စားမှုတွေကို ခံစားကြရတယ်။ ဒါကြောင့် ယုံကြည်ဖို့အတွက် ဒီထက်ပွင့်လင်းတဲ့အသုံးအနှုန်းမျိုးနဲ့ ရှင်းရှင်းလင်းလင်းဖြစ်အောင် ရေးဖို့၊ ပြောဖို့လိုတယ်”  ဟု သူကပြောသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် အဆိုပါနိုင်ငံရေးရည်မှန်းချက်များ အပြည့်အဝအောင်မြင်စေရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အတူလက်တွဲကာ မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း လေးနက်စွာ ကတိသစ္စာပြုအပ်သည်ဟု CRPH ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နိုင်ငံတော်အာဏာကို တပ်မတော်မှသိမ်းပြီးနောက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အများစုက ဖွဲ့စည်းထားခြင်းဖြစ်သည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...