ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို မြစ်ကြီးနားထောင်သို့ ပို့ဆောင်

ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို မြစ်ကြီးနားထောင်သို့ ပို့ဆောင်

ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌနှင့်အတူ အခြားဝန်ကြီး ၄ ဦး တို့ကို စစ်အာဏာသိမ်း ပြီး တစ်လအကြာတွင် မြစ်ကြီးနားထောင်သို့ ပို့ လိုက်ပြီဟု ပြည်နယ် NLD ပါတီက တာဝန်ရှိသူများက ပြော သည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် နှင့်အခြား ၅ ဦးကို မတ်လဆန်းက ထောင်ကြီးသို့ ပို့လိုက်ခြင်းဖြစ်သည်ဟု NLD ပါတီက တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောသည်။

“တရားဝင်တော့ သူတို့ဘက်က အကြောင်းကြားတာတော့ မရှိဘူး။ ဒါပေမယ့် ထောင်ကို ဝန်ကြီးတွေအားလုံး၊ လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ဝန်ကြီးချုပ်နဲ့ တခြားဝန်ကြီးတွေကို၊ ပါတီဥက္ကဋ္ဌတွေ အကုန်လုံးကို ပို့လိုက်တာပါ။ သူတို့ကတော့ အကြောင်းမကြားဘူး။ ပို့တာ နှစ်ရက်သုံးရက်ရှိပြီ။ မြစ်ကြီးနားထောင်ကြီးကို ပို့လိုက်တာပါ။ မိ သားစုဝင်တွေကိုလည်း အကြောင်းမကြားပါဘူး။ ထောင်ထဲကနေ သိခဲ့ရတဲ့ဟာပါ” ဟု ပြောသည်။

ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအပါအဝင် ကချင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင် ကိုလည်း မြစ်ကြီးနား အကျဉ်းထောင်ကို ပို့ထားခြင်း ဖြစ်သည်ဟု ပြောသည်။

ယခုအကျဉ်းထောင်သို့ ပို့ခံထားရသည့် ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ NLD ပါတီမှ ကိုယ်စားလှယ်များနှင့် ပါတီ တာ ဝန်ရှိသူ အများစုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်ဟု ဆက်ပြောသည်။

“အစကတော့ အကျယ်ချုပ်ထားထားတာပါ။ အမှုတွေလည်း စွဲထားလိုက်ပြီလို့တော့ သိထားရတယ်။ ရုံးထုတ် တော့မယ်ထင်တယ်ဗျ။ ကျနော်တို့ ကြားထားတဲ့ သတင်းတွေအရဆိုရင်လေ။ နောက်ရမန်ယူပြီး ရုံးထုတ်မယ်ဆို တာကြားထားတယ်။ ဒါက သေချာတယ်ဗျ။ ပုဒ်မလည်း စွဲထားပြီ၊ ပုဒ်မ ၂၅ လို့ ကြားထားတယ်” NLD ပါတီက တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောသည်။

ပုဒ်မ ၂၅ သည် မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစ်စုံတစ်ရာကျရောက်နိုင်သည်ကို သိလျက်နှင့် တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ သဘာ၀ ဘေးအန္တရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထောင်ဒဏ်သုံးနှစ်ထက်မပိုသော ပြစ် ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သော ပုဒ်မ ဖြစ်သည်။

မြစ်ကြီးနားမြို့က ဆန္ဒပြည်သူတစ်ဦးကလည်း “သမ္မတတို့၊ နိုင်ငံတော်အတိုင်ပင်ခံတွေတောင်မှ ဖမ်းနေမှတော့ ကျန်တဲ့လူတွေလည်း ဖမ်းချင်သလို ဖမ်းခံရ နိုင် တယ်လေနော်။ အခုချိန် အားလုံးကို ဖမ်းနိုင်တယ်။ ဘယ်သူမှ မလုံခြုံတော့ဘူး မဟုတ်ဘူးလား။ ဥပဒေဆိုတာ သူတို့လက်ထဲမှာရှိနေတာကိုး၊ အုပ်ချုပ်မှုတို့ ဥပဒေတို့က သူတို့ ထိန်းချုပ်လိုက်ပြီဆိုတော့ ဒီလို ဖမ်းတယ် ဆီး  တယ်ဆိုတာ သိပ်မထူးဆန်းတော့ပါဘူး။ ဖမ်းချင်တဲ့လူကို ဖမ်း ခွင့်ရှိသွားပြီ၊ တပ်ချင်တဲ့ပုဒ်မ တပ်လို့ရသွားပြီ။ ဒီတိုက်ပွဲက ရှုံးလို့မရဘူး။ တစ်ဦးတစ်ယောက်ထဲနဲ့ဆိုင်တာ မဟုတ်ဘူး။ တနိုင်ငံလုံးနဲ့ ဆိုင်တယ်။ စစ်အာဏာရှင်မရှိတော့မှပဲ ဒီလိုကိစ္စတွေက ရပ်သွားမှာ။ ဆက်တိုက် ရမှာ ပဲ” ဟု ပြောသည်။

မြစ်ကြီးနားမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေကြသည့် ပြည်သူများကိုလည်း အကြမ်းဖက်ဖြို ခွင်းခြင်း၊ ဖမ်းဆီးအရေးယူခြင်းများ ယခုရက်ပိုင်း ဆက်တိုက်ပြုလုပ်လာနေသည်။  

မြစ်ကြီးနား အကျဉ်ထောင်သို့ အပို့ခံလိုက်ရသည့် ဝန်ကြီးများမှာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ၊ အလုပ်သမား၊ လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန် ကြီး ဦးဇော်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ပြီးဌာန ဝန်ကြီး ဦးနေဝင်း တို့ (၄) ဦး ဖြစ်ပြီး ရွှေကူမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းလည်းပါဝင်သည်ဟု သိရသည်။

ထို့အပြင် အခြားသော လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် NLD ပါတီမှ မြို့နယ်အလိုက် ဖမ်းဆီးခံထားရသည့် ပုဂ္ဂိုလ်အချို့လည်းပါဝင်သည်ဟု သိရသည်။

သို့သော် ၎င်းတို့အထဲတွင် မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးသည့် NLD ပါတီဝင် အချို့ လည်း ကျန်နေသေးသည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...