တောင်ကုတ်မြို့တွင် ဆန္ဒပြရန်ပြင်ဆင်နေသည့် ALD အဖွဲ့ဝင်တစ်ဦးနှင့် မြို့ခံတစ်ဦး ဖမ်းဆီးခံရ

တောင်ကုတ်မြို့တွင် ဆန္ဒပြရန်ပြင်ဆင်နေသည့် ALD အဖွဲ့ဝင်တစ်ဦးနှင့် မြို့ခံတစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ယနေ့ နံနက်ပိုင်းက စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက် ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်နေသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ တောင်ကုတ်မြို့နယ် တွဲဖက်အတွင်းရေးမှူး ကိုကျော်ကျော်လင်းနှင့် ဒေသခံ တစ်ဦးဖြစ်သူ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်မှ ကိုသားသားကြီးတို့ကို ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း သိရသည်။

၄င်းတို့နှစ်ဦးကို ယနေ့ နံနက် ၉ နာရီကျော်ခန့်က တောင်ကုတ်မြို့ရှိ ဖောင်တော်ဦးဘုရားအနီး အာဏာရှင်စနစ် ကန့်ကွက်ဆန္ဒပြရန်အတွက် လူစုနေစဉ် ရဲဝန်ထမ်းအချို့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ALD ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးဆွေက ပြောသည်။

“ကိုကျော်ကျော်လင်းနဲ့ သားသားကြီးကို ဖမ်းသွားတာ။ လမ်းမှာ ကျွန်တော်တို့က ဒီနေ့ လူစတင်ပြီး စုနေတဲ့အချိန်မှာ ဖမ်းသွားတာ။ ဆန္ဒပြဖို့ လုပ်နေတုန်းမှာပေါ့။ ရဲက ဖမ်းသွားတာပါ ” ဟု ပြောသည်။

ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် တောင်ကုတ်ဒေသခံ ၄၀ ခန့်က တောင်ကုတ်မြို့မစျေးမှ “အာဏာရှင်စနစ်ဆန့်ကျင်ကြ” စသည့် သံတို့ဖြင့် ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

၎င်းဆန္ဒပြသူများသည် တောင်ကုတ်မြို့ သိမ်တောင်ဘောလုံးကွင်းလမ်းသို့အရောက်တွင် တပ်မတော်သားများနှင့် ရဲဝန်ထမ်း စုစုပေါင်း အင်အား ၄၀ ခန့်က ဖြိုခွဲလိုက်ရာမှ လူစုကွဲသွားခဲ့ကြောင်း တောင်ကုတ်မှ ဦးစိုးသီဟက ပြောသည်။

“စတင်ပြီးထွက်ခွာလာပြီး ၁၀ မိနစ်လောက်အကြာမှာ သိမ်တောင်လမ်းဘက်ကို အရောက်မှာပဲ ရဲနဲ့ စစ်က ဝိုင်းပြီး ဖြိုခွင်းလိုက်တော့ အဲဒီမှာ လူစုကွဲသွားတယ်။ ကိုသားသားကြီးကတော့ ဒေသခံပါပဲ။ သူလည်း ဆန္ဒပြဖို့လုပ်နေကြတာ။ အဲဒီမှာ ဖမ်းသွားတာ။” ဟု ပြောသည်။

လက်ရှိတွင် ၄င်းတို့နှစ်ဦးမှာ တောင်ကုတ်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရကြောင်း သိရသည်။

တပ်မတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တောင်ကုတ်မြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၀ ဦးရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

၄င်းတို့မှာ NLD ပါတီမှ ဥက္ကဋ္ဌ ဦးတင်သိန်းအောင်၊ ပါတီဝင် ကိုသန့်ဇင်ဖြိုး၊ ဦးချစ်မောင်မောင်၊ ကိုဇော်ဝင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ တောင်ကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်လွင်၊ အတွင်းရေးမှူး ဒေါ်အိသဇင်ကျော်၊ ဒေသခံ ဦးခင်သန်းတို့ ဖြစ်ကြပြီး ယနေ့တွင်  ALD ပါတီမှ ကိုကျော်ကျော်လင်းနှင့် ချောင်းကောက်ရပ်ကွက်မှ ကိုသားသားကြီးတို့ ဖမ်းဆီးခံခဲ့ရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...