ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲတွင် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် သတင်းထောက်တစ်ဦး အပါအဝင် လူဦးရေ ၈၀ နီးပါးခန့် အဖမ်းခံထားရသည်။
နံနက်ပိုင်း ဆန္ဒပြပွဲများအစောပိုင်းတွင် ဖြိုခွဲခံခဲ့ရသော်လည်း သိန်းနှင့် ချီသော လူထုက ဆက်လက်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
မြစ်ကြီးနားမြို့က “နွေဦးတော်လှန်ရေး မှ အာရှတော်လှန်ရေး” အထွေထွေသပိတ်ကို စစ်ကြောင်းနှစ်ကြောင်းဖြင့် ချီတက်ခဲ့ရာ စစ်ကြောင်းနှစ်ခုလုံး စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုကို ခံခဲ့ရပြီးနောက် ယခုကဲ့ သို့ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။
ဖမ်းဆီးခံထားရသူများ ပြန်လွတ်မြောက်ရေး လိုက်ပါညှိနှိုင်းဆောင်ရွက်ပေးနေသည့် ကချင်ငြိမ်းချမ်းရေးအကျိုး တော်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာ က “လူများတော့ အတိအကျပြောဖို့တော့ခက်တယ်။ ၇၀ ကျော်လိုလို၊ ၆၀ ကျော်လိုလို၊ ၈၀ ကျော်လိုလို ဖြစ်နေတယ်။ ကျနော်တို့က သက်ဆိုင်ရာ ကချင်ပြည်နယ်ကောင်စီကိုလည်း တင် ပြထားတယ်။ ပြန်ပြီးဆင့်ကဲဆင့်ကဲ သေချာစိစစ်ပြီးတော့ ပြန်လွှတ်ပေးမယ်လို့ ကြားတယ်။ အဲ့ဒါကို စောင့်နေ တာပါ။ အခုသိရသလောက်တော့ မြောက်ပိုင်းတိုင်းမှာ ထားတယ်လို့ သိရတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် ကချင်ပြည်နယ်အခြေဆိုက်သတင်းဌာနက သတင်းထောက်တစ်ဦးဖြစ်သည့် ကိုပေါင် လန်းတောင် (ခ) ကောကော ကိုလည်း အောင်နန်းရပ်ကွက်ရှိ သပိတ်စစ်ကြောင်းအတွင်း သတင်းရယူနေစဉ် ဖမ်း ဆီးသွားခဲ့သည်။
The 74 Media သတင်းဌာန၏ အယ်ဒီတာချုပ် ကိုထွယ်အောင် က “သူက သတင်းယူနေတာ။ အောင်နန်းဘက် မှာ Live မလွှင့်ဘူး။ ဗွီဒီယိုရိုက်နေတဲ့အချိန်မှာ Live လွှင့်တယ်လို့ ထင်လို့ ဖမ်းသွားတာနဲ့တူပါတယ်။ သူနဲ့ ဖုန်းနဲ့ အဆက်အသွယ်ရတုန်းက နှစ်ချက်ရိုက်တယ်လို့ ပြောပါတယ်။ ဆဲဆိုပြီးတော့ ဖမ်းသွားတယ်လို့ ပြောပါတယ်။ ကင်မရာတွေလည်း သိမ်းသွားတယ်လို့ ပြောပါတယ်။” ဟု ပြောသည်။
ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG အနေဖြင့် ဖမ်းဆီးခံထားရသူများ ယနေ့ညတွင်းချင်းပြန်လွှတ် ပေးနိုင်ရေး ညှိနှိုင်းနေသည်ဟု ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။
မြစ်ကြီးနားမြို့ က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲသည့် သပိတ်စစ်ကြောင်းများ ယနေ့ နံနက် ပိုင်းတွင် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသည်။
ဖမ်းဆီးခံရသူ ၈၀ ကျော်ခန့်ရှိပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများပစ်ခတ်ခြင်း၊ သေနတ်ဟုယူဆရသည်များဖြင့် ပစ်ခတ်ဖြိုခွင်းခြင်း၊ ဆန္ဒပြပြည်သူများအား အကြမ်းဖက်ရိုက်နှက်ခြင်း များကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၃ ဦးထက်မနည်း ရှိခဲ့သည်။
စစ်အာဏာရှင်ဆန့်ကျင်သည့် မြစ်ကြီးနားမြို့ က သပိတ်စစ်ကြောင်းများသည် စံပြရပ်ကွက်နှင့် အောင်နန်း ရပ်ကွက် စသည့်နေရာနှစ်ခု စစ်ကြောင်းနှစ်ကြောင်းဖြင့် လူဦးရေသိန်းချီက ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ် သည်။
အကြမ်းဖက်ဖြိုခွင်းမှုများ၊ ထိခိုက်ဒဏ်ရရှိသည်များနှင့် ဖမ်းဆီးခံရသည့် အခြေအနေများရှိခဲ့သော်လည်း မြစ်ကြီးနားမြို့က ဆန္ဒပြပြည်သူသိန်းချီက ယနေ့နေ့လည် ၁၂ နာရီအချိန်ခန့်အထိ သွားလာလို့ရသည့် လမ်း ကြောင်းများအတိုင်း တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များကို ရှောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မြစ်ကြီးနားမြို့ရှိ ဈေးများ၊ ဆိုင်များ အားလုံးပိတ်ပြီး နွေဦးတော်လှန်ရေးမှ အာရှတော်လှန်ရေး အထွေထွေ သပိတ်ကို မြစ်ကြီးနားမြို့ကလူငယ်များ၊ ရပ်မိရပ်ဖများ သိန်းချီက စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒထုတ်ဖော် ခဲ့ကြသည်။







