ကချင်ပြည်နယ်၊ ပူတာအိုမြို့ အဖမ်းခံရပြီးနောက် ပူတာအို ထောင်အချုပ်သို့ အပို့ခံထားရသည့် လူငယ် ၅ ဦး ကို ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၄၄ နှင့် ပုဒ်မ ၁၇(၁) တို့ဖြင့် တရားစွဲခံထားရပြီး မတ်လ ၅ ရက်နေ့တွင် ရုံးထုတ်မည်ဟု ကူညီဆောင်ရွက်ပေးနေသူများနှင့် ဒေသခံများက ပြောသည်။
အဆိုပါ ပုဒ်မများဖြင့် တရားစွဲခံထားရသူများသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲများတွင် ပါဝင်ခဲ့သည့်အတွက် စစ်တပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ် သည်။
လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ပူတာအိုက ဒေသခံတစ်ဦး က “မနေ့ကပြောတာ ဒီနေ့ ၁၀ နာရီလောက်မှာ တွေ့ခွင့်ပေးမယ်ပြောတယ်။ ဒီနေ့ ကျနော်တို့စောင့်နေတာ။ ကျနော်တို့ တွေ့ခွင့်မရခဲ့ဘူး။ တစ်နာရီလောက်မှာ ရှေ့နေတွေနဲ့ ဦးဆောင်အဖွဲ့တွေ သွားတွေ့ခဲ့တယ်။ ဒါပေမယ့် တွေ့ခွင့်မရခဲ့ဘူး။ ယမန်ယူထားတဲ့အကြောင်း၊ ၃ လ ၅ ရက်မှ ရုံးထုတ်မယ်ဆိုတာပဲ သတင်းသိခဲ့ရတယ်ပေါ့ ဒီနေ့။ ပုဒ်မနဲ့ တရားစွဲလိုက်တဲ့သဘောရှိတယ်။ အဲ့ဒါ ကြောင့် နောက်နှစ်ပတ်မှာ ရုံးထုတ်မယ်ဆိုတာမျိုးဖြစ်လာတာ။ ဒါပေမယ့် သူတို့နဲ့လည်း တွေ့ခွင့်မရတော့ ကောင်းကောင်းလေးကို မေးခွင့်မရလိုက်ဘူး။ အခုကျနော်တို့ကို ပြောလိုက်တာက ၁၄၄ ရယ်၊ ၅၀၅ (ခ) အဲ့ဒါ တွေနဲ့ တစ်ယောက်က မတရားအသင်းဆက်သွယ်မှုလည်း ပါတယ်ဆိုတာမျိုး သိရတယ်” ဟု ပြောသည်။
ယနေ့ ၎င်းတို့ ၅ ဦး လွှတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနေသူအချို့ နှင့် ရှေ့နေများက ပူတာအိုအကျဉ်း ထောင်တွင် သွားရောက်မေးမြန်းခဲ့ရာမှ တာဝန်ရှိသူများက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဆန္ဒပြလူငယ် ၅ ဦးကို စွဲဆိုထားသည့် ပုဒ်များမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ရာဇဝတ်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် နှင့် မတရား အသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)တို့ဖြစ် ကြသည်။
ယခု တရားစွဲဆိုခံထားရသူများမှာ ကိုလဇွမ်အောင်ဒီး၊ ကိုဆင်ဝါး၊ ကိုမလောင်ဖေနောင်းအောင်၊ ကိုဇန်ထရမ်ဆိန်း နှင့် ကိုဖုန်ရော့ဖီနန် တို့ ဖြစ်သည်ဟု သိရသည်။ ၎င်းတို့အနက် ကိုဇန်ထရမ်ဆိန်း ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မဖြင့်ပါ တရားစွဲထားသည်ဟု သိရသည်။
“လူငယ်တွေကို နောက်ထပ်မလုပ်ရဲအောင် ခြိမ်းခြောက်တဲ့သဘောပါပဲ။ သူတို့က ဒီ ၅ ယောက်ကို ဖမ်းလိုက်တဲ့ နောက်ပိုင်းမှာက လူထုက ဆန္ဒပြပွဲမှာ ပိုတိုးလာတယ်။ ပူတာအိုမှာ လူဦးရေ ငါးသောင်းလောက်ပဲ ရှိတာ၊ အဲ့ဒါ အခုက တစ်သောင်းကျော်က လမ်းပေါ်ရောက်လာတယ်။ ပြောချင်တာက သူတို့ အဲ့လိုမျိုးခြိမ်းခြောက်လို့လည်း ဒီလိုကိစ္စက ပြီးသွားမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့တပ်ချင်တဲ့ ပုဒ်မတွေ တပ်လို့လည်း ဒီလူငယ်တွေက အမှန် ဆို ဒီလူငယ်တွေက သူတို့ဆီမှာ လုံးဝအပြစ်မရှိဘူး။ အကြမ်းဖက်မှုလည်း မလုပ်ခဲ့ဘူး။ ဆူပူအောင်လည်း မလုပ်ခဲ့ဘူး။ မတရားပုဒ်မတွေတပ်ပြီး ဖမ်းဆီးတယ်ဆိုတော့က လူငယ်တွေက ဒီဟာကို မဖြစ် ဖြစ်တဲ့နည်းနဲ့ အမြန်ဆုံး လွှတ်လာအောင် ကြိုးစားဖို့ပဲ ရှိတာပေါ့” ပူတာအိုက ဒေသခံလူငယ်တစ်ဦးက ဆက်ပြောသည်။
ဖမ်းဆီးခံထားရသည့် ပူတာအိုက လူငယ် ၅ ဦးကိစ္စနှင့် ပတ်သက်၍လည်း ဒေသခံပြည်သူများက ကချင်ပြည် နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ထံ ယမန်နေ့ကတည်းက အကူအညီတောင်းခံထားသည်ဟုလည်း ဆက် ပြောသည်။
“ဥပဒေလမ်းကြောင်းအရပြောနေရင် ကြာမယ့်သဘောရှိတော့ ကျနော်တို့လည်း ဒီမှာက အများအားဖြင့် လူ ငယ်တွေပဲ ဦးဆောင်နေတယ်။ မားမားမတ်မတ်ရပ်တည်ပေးမယ့်လူက အားနည်းနေတော့ ဒီနေ့ လူကြီးတွေကို အကူ အညီတောင်းပြီး အဖွဲ့တစ်ဖွဲ့ လုပ်နေတယ်။ သူတို့ကပဲ စပြီး ဖမ်းဆီးခံရတာတွေနဲ့ပတ်သက်ပြီး တရားကိစ္စ တွေက အစ ကူညီပေးနိုင်အောင် စီစဉ်နေတယ်။ နောက် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဆီ လည်း အကူအညီတောင်းထားတယ်။ မနေ့က ညနေက စာပို့ထားတယ်” ဟု လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ပူတာအိုက ဒေသခံတစ်ဦး က ဆက်ပြောသည်။
ပူတာအိုမြို့တွင် ယခုလ ၈ ရက်နေ့က စတင်ပြီး ယနေ့အချိန်ထိ ဒေသခံလူငယ်များက ဦးဆောင်ကာ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေး၊ စစ်အာဏာသိမ်းမှုကန့်ကွက်သည့် လူထုဆန္ဒထုတ်ဖော်ပွဲများ အကြမ်းမဖက်သည့် နည်း ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေခြင်းသာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ လူငယ်များကို ဖမ်းဆီးကာ တရားစွဲဆိုမှု သည် မှန်ကန်သည့် ဖြေရှင်းမှု နည်းလမ်းမဟုတ်ဘူးဟု ဆန္ဒပြပွဲတွင်ပါဝင်သူ လူငယ်များက ပြောသည်။
“ကျနော်တို့က ဒီပူတာအိုမှာက တစ်ရက်ကို နှစ်နာရီပဲ လုပ်တယ်ခင်ဗျ။ မနက်ပိုင်း ၁၀ နာရီကနေ ၁၂ နာရီအထိ ပဲ လုပ်တယ်။ အာဏာသိမ်းမှုအပေါ်မှာ ဖြစ်လာတဲ့ မကျေနပ်ချက်ကို လူငယ်တွေက ဆန္ဒပြတာပဲဖြစ်တယ်။ ကျ နော်တို့ ပူတာအိုမှာ မအိပ်မနေ ဆန္ဒပြလို့လည်း မြန်မာပြည်ပြောင်းလဲဖို့က မဖြစ်နိုင်ဘူး။ ဒါပေမယ့် ကျနော်တို့ က ရန်ကုန်၊ မန္တလေးလုပ်တဲ့ဟာကို ပူးပေါင်းတဲ့သဘောနဲ့ ဆန္ဒထုတ်ဖော်တာဖြစ်တယ်။ ဆိုတော့ ကျနော်တို့က ဒီ ဟာကို မတားစေချင်ဘူး။ ရန်ကုန်၊ မန္တလေးမှာ ဒီသပိတ်ပြီးသွားရင် ပူတာအိုမှာလည်း ပြီးသွားမယ်။ ဒါပေမယ့် အခုလို ဖမ်းဆီးတာတို့၊ မတရားထောင်ချတာ ဘာညာလုပ်နေလို့ရှိရင်တော့ ပူတာအိုမှာ ကောင်းကျိုးထက် ဆိုး ကျိုးပဲ ပိုများလိမ့်မယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်”ပူတာအိုက ဒေသခံလူငယ်တစ်ဦးက ဆက်ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ထုတ်ပြန်ထားသည့် စာရင်းများအရာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၆၄၀) ဦးရှိ ပြီဖြစ်ပြီး ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ ဖမ်းဝရမ်းနှင့်အမှုဖွင့်ခြင်းခံထားရသူ (၃၂) ဦး၊ အမှုဖွင့်ခြင်းခံထားရသူ (၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၄၇) ဦးရှိပြီဟု သိရသည်။
ထို့ကြောင့် လက်ရှိအချိန် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူမှာ ၅၉၃ ဦး ရှိပြီဟု AAPP က ထုတ်ပြန်ထားသည်။







