အမ်းမြို့တွင်ဆန္ဒပြမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံရသည့် အထက်တန်း ကျောင်းဆရာနှင့် အဆက်အသွယ်မရ၍ မိသားစုများစိုးရိမ်

အမ်းမြို့တွင်ဆန္ဒပြမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံရသည့် အထက်တန်း ကျောင်းဆရာနှင့် အဆက်အသွယ်မရ၍ မိသားစုများစိုးရိမ်

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ အမ်းမြို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုနှင့် ဆက်စပ်ပြီး  အထက်တန်းပြကျောင်းဆရာတစ်ဦးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ကတည်းက ရဲက ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ  အဆက်အသွယ်မရဖြစ်နေသဖြင့် စိုးရိမ်နေကြောင်း မိသားစုများက ပြောသည်။

ဖမ်းဆီးခံရသူမှာ  အမ်းမြို့၊ အ.ထ.က(၃)ကျောင်းမှ အထက်တန်းပြဆရာ ဦးမျိုးအောင်ချို(၂၆)နှစ်ဖြစ်ကြောင်း၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများကို ရေသန့်ဗူးဝေပေးခဲ့သည်ဟုဆိုကာ ဖေဖော်ဝါရီ ၉ ရက်ည ၉ နာရီခန့်က ရဲက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ဆရာမျိုးအောင်ချို၏ အဒေါ်ဖြစ်သူ ကျောင်းအုပ်ဆရာမကြီး(အငြိမ်းစား) ဖြစ်သူ ဒေါ်မလေးက “အိမ်ကနေ မေးမြန်းစရာရှိတယ်ဆိုပြီး လာခေါ်သွားကြတာပါ။ ရဲတပ်ဖွဲ့ဝင် လေးငါးယောက်ပါတယ်။ ဆန္ဒပြတဲ့လူတွေကို ရေသန့်ဗူးကမ်းပေးခဲ့တယ်ဆိုပြီး ခေါ်သွားတာလို့ သိရတယ်။ ဖမ်းသွားတဲ့ နေ့ကတည်းကနေ တွေ့ခွင့်မရသေးဘူး အမ်းမြို့မရဲစခန်းကို ဖမ်းခေါ်သွားတာပါ” ဟုပြောသည်။

ဆရာမျိုးအောင်ချိုအား အဆိုပါနေ့က လူမှုစာမျက်နှာတစ်ခုတွင် ဆန္ဒပြသူများကြားတွင် ရေသန့်ဗူးကမ်းပေးခဲ့သည်ဟု စွပ်စွဲကာဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက်အထိဆရာမျိုးအောင်ချိုနှင့် တွေ့ခွင့်မရသေးကြောင်း သူမက ဆက်ပြောသည်။

အမ်းမြို့အ.ထ.က(၃)ကျောင်းအုပ်ဆရာကြီး ဦးမောင်သန်းကလည်း ဆရာမျိုးအောင်ချို ဖမ်းဆီးခံရခြင်းမှာ ဟုတ်မှန်ကြောင်းအတည်ပြု ပြောဆိုသည်။

“ဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးဖမ်းဆီးသွားတယ်လို့ ဖမ်းသွားပြီးခဏနေတာနဲ့ သူ့အမေ ဆက်သွယ်လာပါတယ်။ သူ့အမေလည်း အတော်စိုးရိမ်နေပါတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမ်းမြို့မရဲစခန်းမှာတာဝန်ရှိသူအား ဆက်သွယ်ရာ ဖြေကြားခွင့် မရရှိသဖြင့် မဖြေကြားနိုင်ကြောင်းပြောဆိုကာ ဖုန်းချသွားခဲ့သည်။

အမ်းမြို့နယ်တွင်  ဖေဖော်ဝါရီ ၉ ရက်နှင့် ၁ဝ ရက်နေ့များက  တပ်မတော်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထု ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...