နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် MUP တစ်နေရာ ကမ်းလှမ်းခံရ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် MUP တစ်နေရာ ကမ်းလှမ်းခံရ
MUP ဗဟိုအလုပ်အမှုဆောင်များ (MUP)
MUP ဗဟိုအလုပ်အမှုဆောင်များ (MUP)

စစ်အာဏာသိမ်းပြီးနောက် တပ်မတော်က လက်ရှိဖွဲ့စည်းလျှက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် မွန်ညီညွတ်ရေးပါတီ MUP တစ်နေရာပါဝင်ဖို့ ကမ်းလှမ်းခံရသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

“နိုင်ငံတော်အဆင့်မှာ တစ်ယောက်ပါဝင်ဖို့ ကမ်းလှမ်းလာတယ်၊ ဥက္ကဌကို တင်ပြတာ လက်မခံဘူး၊ မနက်ဖန် ဗဟိုအလုပ်အမှုဆောင် EC အစည်းအဝေးခေါ်ထားတယ်၊ ဒီကိစ္စ ဆွေးနွေးပါလိမ့်မယ်၊ ဒီလိုကိစ္စမျိုးဟာ ပါတီထဲမှာ အမြင်နှစ်မျိုးဖြစ်နေတတ်တာ ထုံးစံပါပဲ၊ လက်ရှိအာဏာသိမ်းတဲ့ဖြစ်စဉ်အပေါ် ပါတီအနေနဲ့ ထုတ်ပြန်ချက်ထုတ်ဖို့ကိုလည်း လိုအပ်လာတယ်” ဟု အမည်မဖော်လိုသော MUP ဗဟိုအလုပ်အမှုဆောင်တစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။  

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အရှိုချင်းအမျိုးသားပါတီ ACNP တစ်နေရာပါဝင်ဖို့ တပ်မတော်ဘက်က ကမ်းလှမ်းခဲ့ရာတွင် ရာထူးနေရာရရှိဖို့ လှုပ်ရှားရပ်တည်သည့်နိုင်ငံရေးပါတီ မဟုတ်သည့်အတွက် လက်မခံဘဲ ငြင်းပယ်ခဲ့ကြောင်း ပါတီတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့အပြင် မွန်ညီညွတ်ရေးပါတီအပါအဝင် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP နှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD စသည့် တိုင်းရင်းသား ၅ ပါတီ၏ သဘောထားရပ်တည်ချက်တစ်စောင် ဖေဖော်ဝါရီ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်း ဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုကို နှလုံးသွင်း၍ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကိုရှေးရှုလျှက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားပြီး အင်အားစုအားလုံးက ကြိုးပမ်းဆောင်ရွက်သွားရန် အဆိုပါ တိုင်းရင်းသား ၅ ပါတီက တိုက်တွန်းထားသည်။

သို့ရာတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD တစ်ပါတီအနေဖြင့် တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းယူခြင်းအား ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၄ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အကယ်၍ တပ်မတော်က ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဆိုပါက ရခိုင်အမျိုးသားပါတီ ANP အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဆိုသည်။

လက်ရှိအာဏာသိမ်း တပ်မတော်အစိုးရအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး တစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် ပြောဆိုထားကြောင်း၊ ထို့အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကိုလည်း ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...