အထိန်းသိမ်းခံ မွန်ပြည်နယ်အစိုးရဝန်ကြီးအားလုံး နေအိမ်သို့ပြန်လည်ရောက်ရှိ

အထိန်းသိမ်းခံ မွန်ပြည်နယ်အစိုးရဝန်ကြီးအားလုံး နေအိမ်သို့ပြန်လည်ရောက်ရှိ
မွန်ပြည်နယ်အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲ
မွန်ပြည်နယ်အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲ

ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်စောစောပိုင်း တပ်မတော် စစ်အာဏာသိမ်းမှုဖြစ်စဉ်အတွင်း မော်လမြိုင်မြို့ အစိုးရအိမ်ယာဝင်းအတွင်းမှ ခေါ်ဆောင်ထိန်းသိမ်းခံရသော မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအားလုံး ဖေဖော်ဝါရီ ၃ ရက်နေ့ ညဉ့်နက်အချိန်တွင် ကျန်ရှိသေးသူများ နေအိမ်သို့ နောက်ဆုံးပြန်လည်ရောက်ရှိလာကြောင်း သတင်းရရှိသည်။

ခေါ်ဆောင်ထိန်းသိမ်းခံရသူ မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “ညက ကျနော်ရယ် ဒေါက်တာထိန်လင်းနဲ့ ဦးရွှေမြင့် ၃ ယောက်ပဲ နောက်ဆုံးလွတ်လာတယ်၊ ခေါ်သွားတုန်းက ရတခတိုင်းစစ်ဌာနချုပ်အနီး တပ်မှာ ထားပါတယ်၊ ဘာမှမေးမြန်းပြောဆိုတာမရှိပါဘူး အပြင်ကအခြေအနေကိုလည်း ဘာမှမသိရပါဘူး”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။  

ယင်းသို့ အထိန်းသိမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသည့် ဝန်ကြီးများကို အစိုးရအဖွဲ့အိမ်ယာမှ ၃ ရက်အတွင်း ဖယ်ပေးရမည်ဖြစ်သည်။

ထို့အတူ ဖေဖော်ဝါရီ (၂) ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုလည်း အစိုးရအဖွဲအဖွဲ့နေအိမ်အတွင်း အကျယ်ချုပ်အဖြစ် ဆက်လက်ထားရှိထားကြောင်း စုံစမ်းသိရှိရသည်။

အလားတူ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးက ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုလည်း သက်ဆိုင်ရာ တပ်မတော်စစ်တိုင်းဌာနချုပ်အသီးသီးက ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်စောစောပိုင်းတွင် တစ်ပြိုင်တည်း ခေါ်ယူထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

နေပြည်တော်မှ အာဏာသိမ်းမှုဖြစ်စဉ်အတွင်း သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ်တာဝန်ယူ၍ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ  ၁  ရက်) နေ့စွဲဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

 ထို့အပြင် မဲစာရင်းများစိစစ်အတည်ပြုခြင်းအပါအဝင် လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၈ ပုဒ်မခွဲ(က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ လွှဲပြောင်းတာဝန်ပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...