တပ်မတော်က ဖမ်းဆီးထားသည့် ကျောင်းအုပ်ဆရာမတစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် တအာင်းအရပ်ဘက် အဖွဲ့အစည်းများအပါအဝင် အရပ်ဘက်အဖွဲ့အစည်း တစ်ရာကျော်က တောင်းဆိုလိုက်သည်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မန်းနားကျေးရွာက မူလတန်းကျောင်းအုပ် တအာင်းတိုင်းရင်းသူ ဆရာမဒေါ်သန်းသန်းမျိုးကို တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် မတရား အသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့် တရားစွဲဆိုထားခဲ့သည်ဟု တအာင်းအမျိုးသမီး အဖွဲ့က ပြောသည်။
“ကျမတို့ အဓိကတောင်းဆိုတာကတော့ သူက ကျောင်းဆရာမလည်း ဖြစ်တော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ လည်း ဝိုင်းဝန်းဖြေရှင်းပေးစေချင်တယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ပြန်လည်ဆန်းစစ်ပြီးတော့ အပြစ်မရှိဘူးဆိုရင် ဒီဆရာမကို အမြန်ဆုံးလွှတ်ပေးစေချင်တယ်။ အခုဖမ်းထားတဲ့အတောအတွင်းမှာလည်း မိသားစုတွေနဲ့ အဆက် အသွယ် ဖြတ်တဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ တွေ့ခွင့် စကားပြောခွင့်ပေးစေချင်တယ်။ နောက်ပြီး အခု ရုံးထုတ်တယ်ဆို ပေမယ့်လည်း တရားရုံးမှာ ခနပဲတွေ့ရပြီး ချက်ချင်းပြန်ခေါ်သွားတာမျိုးတွေဆိုတော့ အဲ့လိုမျိုး မဖြစ်စေချင် ဘူး။ တရားရုံးထုတ်တဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှု ရှိစေချင်တယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က ပြောရေးဆိုခွင့်ရှိသူ လွေးချှီ့ဆငါး က ပြောသည်။
ဆရာမဒေါ်သန်းသန်းမျိုး အဖမ်းခံရသည်မှာ တစ်လပြည့်ပြီဖြစ်ပြီး မိုးကုတ်မြို့တရားရုံး ရုံးချိန်နှစ်ကြိမ် ထုတ်ပြီး ဖြစ်သည်ဟု ၎င်း၏ မိသားစုဝင်များက ပြောသည်။
နှစ်ကြိမ်စလုံးတွင် မိသားစုဝင်များနှင့် ကောင်းမွန်စွာ တွေ့ခွင့်မရသလို တရားရုံးထုတ်ရာတွင်လည်း ပွင့်လင်းမြင် သာမှု မရှိဟု လွေးချှီ့ဆငါး က ပြောသည်။
“သူ့ရဲ့ နောက်ဆုံးအခြေအနေက အခုချိန်ထိ မိုးကုတ်ရဲစခန်းမှာပဲ ထိန်းသိမ်းထားသလို၊ မိသားစုနဲ့ တွေ့ခွင့်မရ သေး ဘူး။ သူ့ ကိုဖမ်းတာတော့ ၂၈ ရက်နေ့ ဒီဇင်ဘာတုန်းက ဖမ်းတယ်။ ၁၁ ရက်နေ့က ပထမအကြိမ် ရုံးထုတ် တယ်။ မိနစ်ပိုင်းလောက်ပဲကြာတယ်။ ပြီးတော့ ပြန်ခေါ်သွားတယ်။ နောက်တကြိမ်က ရုံးချိန်းက ၁၈ ရက်နေ့ ပေါ့၊ အမှုတော့ စစ်တာမရှိသေးဘူး။ ရုံးတော့ထုတ်တယ်၊ ပြီးတော့ ပြန်ခေါ်သွားတယ်။ သူ့ကို တရားစွဲထား တယ် ဆိုတာ တပ်မတော်ရဲ့ သတင်းမှန်ပြန်ကြားရေးကလည်း ပြောထားရှိသလို ရုံးချိန်းတုန်းကလည်း ဆရာမ ကိုယ်တိုင်က သူ့ရဲ့ မိသားစုကို ဒီပုဒ်မနဲ့ လှမ်းပြောခဲ့တာမျိုးပေါ့။ တခြားတော့ ဘာမှပြောခွင့်မရသေးဘူး။”
တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ၏ စာရင်းများအရ ၂၀၂၀ ခုနှစ်အတွင်း ရှမ်းမြောက်ဒေသအတွင်းက တပ်မတော်၏ ဖမ်းဆီးခံရသူ တအာင်းတိုင်းရင်းသား စုစုပေါင်း ၃၂ ဦး ရှိသိဟု လွေးချှီ့ဆငါး က ပြောသည်။
တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့ (TSYU) က လွေးလှာရိန်း က “အဓိက လုံခြုံရေးကိစ္စပေါ့နော်၊ တိုက် ပွဲမဖြစ်တဲ့နေရာမှာတွေလည်း ပဋိပက္ခနဲ့ လက်နက်ကိုင်တွေက အရမ်းများတော့ အမျိုးသမီးတွေရော၊ လူငယ် တွေရော လုံခြုံမှုမရှိဘူး။ ခနခနဖမ်းခံရတာမျိုးတွေရှိတယ်။ ဖုန်းတွေထဲမှာ စစ်သားပုံလိုမျိုး ကြိုက်လို့ Save ထားမိရင်တောင်မှ ဖမ်းခံရတာမျိုး၊ လက်နက်ကိုင်တွေနဲ့ ဆက်သွယ်မှုရှိတယ်ဆိုတာမျိုး စွပ်စွဲတယ်။ တကယ် တော့ ကျမတို့ ဒေသဘက်မှာ ဘယ်လက်နက်ကိုင်ပဲ ရွာထဲလာလာ စကားပြောရတယ်လေ။ မပြောရင်လည်း ကြောက်ရတယ်၊ ပြောရင်လည်း ကြောက်နေရတယ်” ဟု ပြောသည်။
ဆရာမဒေါ်သန်းသန်းမျိုးသည် ပညာရေးဝန်ထမ်း ကျောင်းဆရာမတစ်ဦးအနေဖြင့် ၁၀ နှစ်ကျော်အကြာ တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးဖြစ်သည်ဟုလည်း သိရသည်။
လက်နက်ကိုင် ပဋိပက္ခဒေသများအတွင်းက ဒေသခံ တိုင်းရင်းသား ပြည်သူများ၊ အစိုးရဝန်ထမ်းများသည် ၎င်း တို့၏ ဒေသအတွင်း ရောက်ရှိလာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့်ဖြစ်စေ၊ တပ်မတော်နှင့် ဖြစ် စေ မဖြစ်မနေ ပြောဆိုဆက်ဆံရသည့် အချိန်အခါများ အခြေအနေများ၊ အဆင်ပြေအောင် ဆက်ဆံနေရကြ ရ သည့် အနေအထားများရှိနေသည့်အတွက် ယခုကဲ့သို့သော စွပ်စွဲကာ ဖမ်းဆီးခံနေကြရသည့်အတွက် ပြည်သူ များသာ မြေစာပင်ဖြစ်နေရသည်ဟု ဆိုသည်။
နှစ်ဖက်တပ်များနှင့် မဖြစ်မနေ ဆက်ဆံပြောဆိုနေကြရခြင်းအပေါ် အရေးယူခံရခြင်းသည် တရားမျှတမှု မရှိ သည့်အပြင် အဆိုပါဒေသများအတွင်း တာဝန်ထမ်းဆောင်နေကြရသည့် အစိုးရဝန်ထမ်းများအတွက်လည်း အခက်အခဲဖြစ်စေသည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။







