စစ်ရေးပဋိပက္ခများဖြစ်ပွားလာမည်ကို စိုးရိမ်သည့် ဘီးလင်းဒေသခံ တစ်ထောင်ကျော် ဒုတိယအကြိမ်ထပ်မံ ဆန္ဒထုတ်ဖော်

စစ်ရေးပဋိပက္ခများဖြစ်ပွားလာမည်ကို စိုးရိမ်သည့် ဘီးလင်းဒေသခံ တစ်ထောင်ကျော် ဒုတိယအကြိမ်ထပ်မံ ဆန္ဒထုတ်ဖော်

စဖန်းရှောင်း — ဒေသတွင်း စစ်ရေးပဋိပက္ခများဖြစ်ပွားလာမည်ကို စိုးရိမ်မှုများဖြစ်ပေါ်နေသည့် ဘီးလင်းမြို့နယ်အတွင်းရှိ ဒေသခံ တစ်ထောင်ကျော်မှ ယနေ့ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ကြွေးကြော်သံများဖြင့် စီတန်း လှည့်လည်ပြီး ဒုတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟုသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းက KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ နယ်မြေများအတွင်း အစိုးရတပ်မတော်နှင့် KNU တို့အကြား ဖြစ်ပွားခဲ့သည့် တင်းမာမှုများမှတစ်ဆင့် နောက်ဆက်တွဲဖြစ်ပေါ် လာနိုင်သည့် အခြေအနေများကြောင့် ယခုလိုဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများ ကပြောဆိုသည်။

ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ဒေသခံဖြစ်သူစောအယ်ဒိုက “ ဒီဇင်ဘာလကနေစပြီး ဒီဒေသမှာ စစ်ဖြစ်ဖို့အလားအလာတွေ တွေ့နေရတယ်။ ဒေသခံတွေကလည်း အဲဒီအပေါ်မှာ ညဘက်အိပ်မရဲဘူး၊ ရှောင် ပြေးနေရတယ်။ ဒီအခြေအနေတွေအပေါ်မှာ ပြည်သူတွေက စစ်ဖြစ်မှာကိုစိုးရိမ်နေကြတယ်။ ဒီလိုစိုး ရိမ်ကြောက်လန့်မှုတွေမဖြစ်အောင် အထက်က နှစ်ဖက်လူကြီးတွေ ညှိနှိုင်းဖြေရှင်းပေးကြဖို့နောက်ပြီး ကျနော်တို့ငြိမ်းချမ်းမှုကိုလိုချင်လို့ အခုလို ဆန္ဒထုတ်ဖော်တာဖြစ်တယ်” ဟုပြောသည်။

ယနေ့ပြုလုပ်သည့် ဆန္ဒထုတ်ဖော်မှုတွင် KNU -ကရင်အမျိုးသားအစည်းအရုံး ဘီးလင်းမြို့နယ်အတွင်းရှိ ကျသောင်းဆိပ်ကျေးရွာအုပ်စုမှ ၄ ရွာ၊ ပျဉ်းမပင်ဆိပ်ကျေးရွာအုပ်စုမှ ၆ ရွာ၊ မင်းဇောကျေးရွာအုပ်စုမှ ၂ ရွာ ၊ စုစုပေါင်း ၁၂ ရွာမှ ဒေသခံ ၁,၄၀၀ ကျော်ပါဝင်သည်ဟုလည်း ဦးဆောင်သူများထံမှသိရသည်။

ထိုသို့ဆန္ဒထုတ်ဖော်ရာတွင် NCA စာချုပ်ပါအချက်များအား အကောင်အထည်ဖော်ရေးအပါအဝင် အောက်ခြေ တွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများအားအစိုးရမှ ညှိနှိုင်းဖြေရှင်းရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့်ဖြေရှင်းရေး ဒေသတွင်းလက်နက်ကိုင်ပဋိပက္ခများ၊ ကျေးရွာအတွင်း တပ်စွဲထားသည့် တပ်စခန်း များအား အလိုမရှိစသည့်အချက် ၆ ချက်ဖြင့် ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟုလည်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့က KNLA တပ်မဟာ ၁ နယ်မြေ KNDO တပ်ရင်းမှူးတစ်ဦးမှ ကျသောင်းဆိပ်ရွာ ဘုန်းကြီးကျောင်းဝင်းတွင် တပ်စွဲထားသည့် မြန်မာ့တပ်မတော်တပ်စခန်းတစ်ခုအား ဒီဇင်ဘာလကုန်တွင် ဆုတ်ပေးရန်အကြောင်းကြားမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ဇန်နဝါရီ ၂ ရက်နေ့တွင် နှစ်ဖက် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ အခြေအနေများကြောင့် သွားလာကန့်သတ်ပိတ်ပင်မှုများ ရှိခဲ့သလိုစိုးရိမ်ထိတ်လန့်မှုများကြောင့် မိမိတို့နေအိမ်တွင် ညမအိပ်ရဲဘဲ တောထဲပြေးလွှားပုန်းရှောင်နေရသည့် အခြေအနေများဖြစ်ပေါ်ခဲ့သည်ဟု လည်းဒေသခံများ၏ပြောပြချက်များအရသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်အတွင်းရှိ တာအူခီးကျေးရွာအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်၊ ဒေသခံစုစုပေါင်း နှစ်ထောင်ကျော်မှ ယနေ့ပြုလုပ်သည့် ဆန္ဒထုတ်ဖော်မှုနှင့် အလားတူဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့သည်။

July 31, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စု...
July 31, 2026
စစ်တပ်ကို တိုက်ခိုက်နေသည့် ဗိုလ်မှူးချုပ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်သည်...
July 31, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို KNLA...
July 30, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် သုံးထပ်ကွေ့လမ်းပိုင်းကို စစ်တပ်က လေယာဉ်ဖြင့်...