ပိတ်ပင်တားမြစ်မှုများရှိနေသည့် ဖာပွန်မြို့နယ် ကွမ်းပင်ဝကျေးရွာ အုပ်စု၊ ထီးလော်သီ ထကျေးရွာတွင် ပြုလုပ် မည့် ၇၂ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား ဖျော်ဖြေရေးအစီအစဉ်တွင် ရန်ကုန်ရှိ နာမည်ကြီး ကရင်အဆိုတော်များ လာရောက်ဖျော်ဖြေရန်စီစဉ်ထားကြောင်း အခမ်းအနားကျင်းပရေး တာဝန်ရှိ သူများထံမှ သိရသည်။
မြန်မာပြည်တွင်းရှိ အနုပညာလောကတွင် နာမည်ရလူသိများနေသည့် ကရင်အဆိုတော် ၇ ဦးထက် မနည်းကို ဖိတ်ခေါ်ထားသည်ဟုသိရပြီး ဇန်နဝါရီလ ၃၁ ရက်နေ့ ၇၂ နှစ်မြောက် ကရင်တော်လှန်ရေး နေ့အခမ်းအနား ကိုလည်း မူလစီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဟု ကျင်းပရေးတာဝန်ရှိသူများက ပြောသည်။
၇၂ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌစောညွန့်ဝင်းက “ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ်မှာ ကိုယ့်ဒေသကလူထုတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ ကရင့်တော်လှန်ရေးနေ့ကို ဆင်နွှဲ စေချင်တဲ့ ဆန္ဒတစ်ခုတည်းပါ။ အဲဒီအတွက်လည်း ရန်ကုန်ကနေလာမယ့်သူတို့အတွက် ကျန်းမာရေး ဆိုင်ရာ ထောက်ခံမှုတွေ အပါအဝင်နဲ့ လမ်းခရီးအဆင်ပြေချောမွေ့စေဖို့လည်း အစစအရာရာစီစဉ်ထားပါတယ်” ဟုပြောသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့တွင် စတင်ကျင်းပမည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနားများ၌ အများပြည်သူများအေးချမ်းစွာ ပါဝင်ဆင်နွှဲနိုင်ရန် လောင်းကစား၊ မူးယစ်နှင့်အရက် သေစာသောက် စားခြင်း များကို လုံးဝတားမြစ်ထားပြီး ကျူးလွန်ပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းလည်း ၎င်း ကပြောသည်။
ထို့အပြင် အခမ်းအနား ဖျော်ဖြေရေးအစီအစဉ်တွင် အဆိုတော်ကောင်းကောင်း၊ စောလားထော်ဝါး၊ နော် Smaller၊ နော်အယ်နီရှိုင်း၊ နော်လူးလူ၊ နော်အက်စတာဒွေး၊ စော Black တို့မှ တေးသီချင်းများဖြင့် ပါဝင်သီဆို ဖျော်ဖြေသွားမည်ဖြစ်ပြီး ဒုံးအကများ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများအပြင် အားကစားပြိုင်ပွဲများကိုပါထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်ဟု ကျင်းပရေးကော်မတီထံမှ သိရသည်။
KNU -ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ ၅ မှ ကျင်းပရန်စီစဉ်ထားသည့် ၇၂ နှစ်မြောက် ကရင်တော်လှန်ရေးနေ့ကို မူလစီစဉ်ထားသည့်နေရာတွင် ကျင်းပခြင်းမပြုရန် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့က မြန်မာ့တပ်မတော် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ကန့်ကွက်မှုများပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါကန့်ကွက်မှုများအပေါ် တပ်မဟာ ၅ ဘက်မှ လူထု၏ လိုလားတောင်းဆိုမှုအရ ၎င်းနေရာတွင်ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်ဟုပြန်လည်ကန့်ကွက်အကြောင်းကြားစာပေးပို့ခဲ့သော်လည်း တပ်မတော်ဘက်မှ ယနေ့အထိ တစ်စုံတရာပြန်လည်အကြောင်းကြားမှုမရှိကြောင်းလည်း ကျင်းပရေး ကော်မတီထံမှ သိရသည်။







