အလှူရှင်များ၏ ပံ့ပိုးလှူဒါန်းမှုဖြင့် ဆောက်လုပ်ထားသော တီးတိန်မြို့ ICU အဆောက်အဦး အစိုးရထံလွှဲပြောင်း

အလှူရှင်များ၏ ပံ့ပိုးလှူဒါန်းမှုဖြင့် ဆောက်လုပ်ထားသော တီးတိန်မြို့ ICU အဆောက်အဦး အစိုးရထံလွှဲပြောင်း

နှင်းနှင်း - ချင်းပြည်နယ်၊ တီးတိန်းမြို့တွင် ပြည်သူ့ဆေးရုံ အရေးပေါ်ပံ့ပိုးရေးကော်မတီဦးဆောင်မှုနှင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ ပံ့ပိုးလှူဒါန်းမှုဖြင့် ဆောက်လုပ်ထားသော အထူးကြပ်မတ်ကုသဆောင်(Intensive Care Unit –ICU) အဆောက်အဦးတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးပြီဖြစ်၍ ဇန်နဝါရီလ ၂၃ ရက်နေ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနသို့ လှူဒါန်းလွွဲပြောင်း အပ်နှံခြင်းပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

တီးတိန်မြို့နယ်သည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပထမဦးဆုံးစတင်ဖြစ်ပွားသည့်ဒေသဖြစ်သည့်အပြင် ချင်းပြည်နယ် တွင် ကိုဗစ်ပိုးတွေ့လူနာအများတွေ့ရှိသည့်မြို့နယ်ဖြစ်သော်လည်း ပိုးတွေ့လူနာများကုသရန်အတွက် အထူးကြပ်မတ်ကု သဆောင်(ICU) မရှိသည့်အတွက် ပြည်တွင်းပြည်ပအလှူရှင်များ၏ ပံ့ပိုးလှူဒါန်းမှုဖြင့် တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့၊ ပြည်သူ့ဆေးရုံအရေးပေါ်ပံ့ပိုးရေးကော်မတီ မှ ဦးမာန်ပီးကေ ပြာသည်။

“တီီးတိန်မြို့က ကိုဗစ်ရောဂါ ပထမဆုံးကြုံတဲ့ နေရာဖြစ်တော့ ပြည်သူလူထုတွေလည်းစိုးရိမ်ကြတယ်၊ ပိုးတွေ့လူနာတွေ လည်း တိုးလာတယ်ဆိုတော့ လူနာကိုဘယ်လိုကုမလဲ၊ နောက်ဒီထက်ဆိုးလာရင် ဘယ်လိုပြုစုမလဲ၊ ဖလမ်းပို့မယ်၊ ကလေးပို့မယ် အဲ့တာလည်းအဆင်မပြေဘူး၊ မပြည့်စုံတဲ့ကြားက ပြည်သူ့ဆေးရုံမှာပဲကုတယ်၊ အဲ့တာနဲ့ ကျန်းမာရေး ဝန်ထမ်းနဲ့ဆေးရုံအုပ်တွေနဲ့ တိုင်ပင်တယ်၊ ပြည်တွင်း၊ ပြည်ပနဲ့ အထူးသဖြင် စင်ကာပူ၊ အမေရိကမှာရှိတဲ့သူတွေက ကျွန်တော်တို့  ပြည်သူ့ဆေးရုံအတွက် လိုအပ်တဲ့ဆက်စပ်ပစ္စည်းတွေ လှူဒါန်းမယ်ဆိုပြီး သူတို့နိူးဆော်လာတယ်၊ ICU အဆောက်အဦး တခုဆောက်ဖို့ မြို့ပေါ်အလွှာစုံက ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေးဖက်အစည်းအဝေးလုပ်ပြီး ICU ဆောက်လုပ်မယ်၊ အောက်ဆီဂျင်စက်၊ မီးစက်ကြီးတစ်လုံးဆောက်လုပ်ပြီးတော့ လှူဒါန်းနိုင်ဖို့ ဆုံဖြတ်တယ်၊ ကော်မတီဖွဲ့ပြီး ပြည်တွင်း၊ ပြည်ပကအလှူရှင်တွေကို ဖိတ်ခေါ်ခဲ့တယ် ဆောက်လုပ်ပြီးစီးလို့ အားကစားနဲ့ကျန်းမာရေးဌာနကို ပြီးခဲ့တဲ့စနေနေ့က လွဲပြောင်းအပ်နှံခဲ့ပြီ” ဟု ဦးမာန်ပီးကပြောသည်။

တီးတိန်မြို့ ICU အဆောက်အဦးတွင် အထူးကြပ်မတ်ကုသဆောင်၊ အထူးခန်းများဖြင့်ဖွဲ့စည်း တည်ဆောက်ထားပြီး Oxygen, Medical air, Medical Vacuum line , Ventilation System, ( Negative Positive Air pressure), Heating system, antibacterial homogeneous vinyl ခင်းခြင်း၊ epoxy နံရံဆေးသုတ်ခြင်း၊ လျှပ်စစ်မီးလိုင်း၊ ရေလိုင်းများနှင့် အခန်းတွင်း ခန်းစီးလိုက်ကာ များတပ်ဆင်ထားကြောင်းသိရသည်။

အဆိုပါအဆောက်အဦးသည် ၂၀၂၀ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး မြန်မာ ငွေကျပ်သန်းပေါင်း ၁၆၁ ဒသမ ၅ ကုန်ကျသည်ဟုသိရသည်။  

တီးတိန်းမြို့ပြည်သူ့ဆေးရုံရှိ ICU အဆောက်အဦးတွင် အသုံးပြုရန်အတွက်  ဝိသာခါဖောင်ဒေးရှင်းမှ ကျပ်သိန်းပေါင်း တစ်ထောင်ကျော်ခန့်ရှိသော အောက်ဆီဂျင်စက်ကိုလှူဒါန်းပြီး အဆိုပါစက်ထားရှိနိုင်ရန်အတွက် အဆောက်အဦးအသစ် ထပ်မံဆောက်လုပ်နေပြီး ဖေဖော်ဝါရီလ ဆန်းအပိုင်းတွင် တပ်ဆင်သွားနိုင်မည်ဖြစ်ကြောင်းသိရသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...