မီဇိုရမ်တွင် ကျန်းမာရေးဝန်ထမ်း ၄၀၀၀ နီးပါး ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီ

မီဇိုရမ်တွင် ကျန်းမာရေးဝန်ထမ်း ၄၀၀၀ နီးပါး ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီ

ရစ်ချက် - ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မီဇိုရမ်ပြည်နယ်တွင် ကျန်းမာရေးဝန်ထမ်း ၄၀၀၀ နီးပါးကို ကိုဗစ်ကာကွယ် ဆေး(Covishield) ထိုးနှံပြီး ယင်းကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကြောင့် ဆိုးကျိူးသက်ရောက်မှု ကြီးကြီးမားမား ပြသနာ မရှိခဲ့ကြကြောင်း မီဇိုရမ် ပြည်နယ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင်ဖော်ပြထားသည်။

မီဇိုရမ်ပြည်နယ်တွင် ဇန်နဝါရီလ ၁၆ ရက်နေ့ကစ၍ ခရိုင်/မြို့နယ် ဆေးရုံအသီးသီးရှိကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့ပြီး ဇန်နဝါရီလ ၂၃ ရက် စနေနေ့အထိ လူဦးရေ ၃၉၇၉ ထံကိုဗစ်ဆေးထိုးနှံ ပေးခဲ့ပြီဖြစ်သည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံသည့်ကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Dr. Lalzawmi က ကိုဗစ်ကာကွယ်ဆေးထိုးနှံသူတချိူ့တွင် ပြသနာအသေးမွှားကြုံရသူရှိသော်လည်း စိုးရိမ်စရာမရှိကြောင်း ပြောဆိုသည်။

“ ခေါင်းကိုက်တာ၊ ဖျားတာ၊ ခန္ဓာကိုယ်ကိုက်ခဲတာတို့တော့ရှိတယ်၊ အဲဒီလိုဖြစ်လာနိုင်တယ်ဆိုတာ ကျမတို့ကြို တွေးထားပြီးသားကိစ္စဖြစ်ပါတယ်၊ ဒါပေမယ့် ဒီကိစ္စက စိုးရိမ်ကြောက်လန့်စရာမဟုတ်ပါဘူး’’ ဟု Dr. Lalzawmi က Vanglaini သတင်းဌာနသို့ပြောဆိုသည်။

မည်သည့်ကာကွယ်ဆေးမဆိုတွင် Side-effect ဟုခေါ်သော နောက်ဆက်တွဲသက် ရောက်မှုသည်ရှိတတ်စမြဲဖြစ်ပြီး ယခုကိုဗစ်ကာကွယ်ဆေးထိုးနှံမှုတွင်လည်း အနည်းနှင့်အများ side-effect ရှိမည်ဖြစ်သော်လည်း စိုးရိမ်စရာမရှိကြောင်း Dr. Lalzawmi ကဆက်ပြောသည်။

“ဒီ ကိုဗစ်ကာကွယ်ဆေးမှာ side-effect ရှိတယ်ဆိုတာကလည်း ကြောက်စရာမရှိပါဘူး၊ အခုကျမတို့ထိုးနှံပြီးတဲ့သူတွေ ထဲမှာ ကြီးကြီးမားမားနောက်ဆက်တွဲသက်ရောက်မှု ပြသနာဖြစ်တဲ့သူမရှိသေးဘူး ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးတာ ကြောက်စရာမရှိပါဘူး’’ ဟု Dr. Lalzawmi ကပြောသည်။

မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးစတင်တွေ့ရှိသည့်အချိန်ကစ၍ ယနေ့ချိန်ထိ ရောဂါပိုးတွေ့ရှိသူဦးရေ (၄၃၅၁) ဦးရှိသည့်အနက် (၄၂၈၄) ဦးမှာ သက်သာပျောက်ကင်းပြီဖြစ်ကာ ယခုလက်ရှိ (၅၈) ဦးကုသမှုခံယူလျှက်ရှိပြီး ကိုဗစ် ကြောင့်သေဆုံးသူ (၉) ဦးရှိခဲ့သည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...