တောင်ကုတ်စည်ပင်ဥက္ကဋ္ဌပါ လေးဦးအမှုကို လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မသင့် နှစ်ဖက်လျှောက်လဲချက် ပေးမည်

တောင်ကုတ်စည်ပင်ဥက္ကဋ္ဌပါ လေးဦးအမှုကို လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မသင့် နှစ်ဖက်လျှောက်လဲချက် ပေးမည်
တောင်ကုတ်မြို့နယ် နိူင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့
တောင်ကုတ်မြို့နယ် နိူင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့

အောင်ထိန် — အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌအပါအဝင်လေးဦး၏အမှုကို လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။

ယင်းအမှုတွင် တရားလိုသက်သေ ၁၃ ဦးရှိပြီး ဇန်နဝါရီလ ၂၂ ရက်နေ့ရုံးချိန်းတွင် နောက်ဆုံးသက်သေဖြစ်သည့် တောင်ကုတ်စခန်းမှူး ဒုရဲမှူးလှတင့်ကိုစစ်ဆေးခဲ့ရာ တရားလိုပြ သက်သေအားလုံး စစ်ဆေးပြီး ဖြစ်သည်။

“စွပ်စွဲခံရသူလေးဦးကို အကြမ်းဖက်အဖွဲ့အစည်းကို ပေးကမ်းတယ်၊ အားပေးတယ်၊ ထောက်ခံတယ်ဆိုပြီး အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ စွဲထားတယ်ပေါ့။ ဒါပေမယ့် အခုလက်ရှိ အမှုစစ်ပြီးတဲ့ အနေအထားအရ ဆိုလို့ရှိရင်တော့ သူတို့(စွပ်စွဲခံရသူ)တွေကျူးလွန်ထားတဲ့ပုဒ်မကို အခုအနေအထားအထိ တစ်စုံတစ်ရာ မတွေ့သေးဘူး” ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။

၎င်းတို့လေးဦးအမှုနှင့်ပတ်သက်၍ စွဲချက်တင်သင့်၊မတင်သင့်ကို နှစ်ဖက်ရှေ့နေများမှ လျှောက်လဲချက်ပေးရန် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရုံးချိန်းထားကြောင်း သိရသည်။

“အခုလိုမျိုး တရားစွဲခံနေရတာကြောင့် မိသားစုလည်း စိတ်ပင်ပန်း၊ လူပင်ပန်းရတာတွေ၊ နောက်ပြီးတော့ လူမှုရေး၊ စီးပွားရေးဆုံးရှုံးရတယ်။ အဲဒါကြောင့် ကျွန်မတို့ကတော့ အတတ်နိုင်ဆုံး အမှုကိုမြန်မြန်ပြီးစေ ချင်တယ်။ လာမယ့်ရုံးချိန်းမှာ လျှောက်လဲချက်ပေးကြမယ်ပေါ့။ ကျွန်မကတော့ စွဲချင်မတင်မီမှာ လွတ်စေချင်တယ်” ဟု တောင်ကုတ်မြို့နယ် စည်/ကော်ဥက္ကဋ္ဌ(ဟောင်း) ဦးစန်းငွေ၏ဇနီးဖြစ်သူ ဒေါ်စန်းစန်းအေးက ပြောသည်။

တရားစွဲတင်ခံရသူများမှာ တောင်ကုတ်မြို့နယ် ANP မှ ဒု-ဥက္ကဋ္ဌ ဦးဝေသောင်း၊ စည်/ကော်ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ၎င်း၏ညီဖြစ်သူ ဦးစည်သူကျော်ဇံ၊ စည်/ကော်ဥက္ကဋ္ဌ(ဟောင်း) ဦးစန်းငွေတို့ဖြစ်ကြသည်။

၎င်းတို့ ၄ ဦးမှာ ၂၀၂၀ ခုနှစ် မေလ ၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ဖမ်းဆီးခံခဲ့ရပြီး တောင်ကုတ်မြို့နယ် တရားရုံးတွင် ပထမအကြိမ်ချုပ်ရမန်ယူခဲ့ကာ တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်သို့ ခေါ်ဆောင်သွားခဲ့ပြီး အောင်သပြေစစ်ကြောရေးစခန်း၌ ထိန်းသိမ်းခံခဲ့ရကြောင်း စွပ်စွဲခံရသူများက ပြောသည်။

ယင်းနောက် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ဒုတိယအကြိမ်ချုပ်ရမန်ယူခဲ့ပြီး ၂၀၂၀ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် သံတွဲမြို့သို့ခေါ်ဆောင်လာကာ တတိယအကြိမ်ချုပ်ရမန်ကို သံတွဲမြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူခဲ့ခြင်းဖြစ်သည်။

တောင်ကုတ်စည်ပင်ကော်မတီဥက္ကဋ္ဌပါလေးဦးမှာ ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်နွယ်မှု၊ ရိက္ခာထောက်ပံ့ ကူညီမှုရှိသည်ဟုဆိုကာ ၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က တောင်ကုတ်မြို့နယ်တရားရုံး၌ စစ်တွေမြို့ သတင်းအထူးတပ်ဖွဲ့(SB)မှ ရဲမှူးဇော်မြင့်ထွန်းက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိ ၎င်းတို့တရားရင်ဆိုင်နေရသည်မှာ (၈)လခန့်ကြာမြင့်နေပြီဖြစ်ကာ ရုံးချိန်းပေါင်း အကြိမ် ၂၀ ကျော် အထိရှိခဲ့ပြီဖြစ်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂(က)သည် အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဥပဒေတွင်ပြဋ္ဌာန်းထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂)နှစ်တာ ကာလ အတွင်းမှာ AA နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုခံရသူ ၃၆၂ ဦးရှိခဲ့ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏စာရင်းများအရ သိရသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...