စစ်ရေးပဋိပက္ခများကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းရန် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အရပ်ဖက် ၁၀၀ ကျော်မှ အိတ်ဖွင့်စာပို့

စစ်ရေးပဋိပက္ခများကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းရန် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အရပ်ဖက် ၁၀၀ ကျော်မှ အိတ်ဖွင့်စာပို့

နန်းဝေဖြိုးဇာ — KNU-ကရင်အမျိုးသားအစည်းအရုံး နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLAနှင့် မြန်မာ့တပ်မတော်ကြားအရှိန်မြင့် ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲနှင့်ပတ်သက်၍ အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အရပ်ဖက် အဖွဲ့အစည်း ၁၀၀ ကျော်က ယနေ့ (ဇန်နဝါရီလ ၂၀ရက်)တွင် အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ခဲ့သည်။

အရှိန်မြင့် ဆက်လက်ဖြစ်ပွားနေသော ပစ်ခတ်တိုက်ခတ်မှုကြောင့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားသည့် ကာလတွင် ဖာပွန်ခရိုင်၊ သထုံခရိုင်နှင့်ညောင်လေးပင်ခရိုင်တို့တွင် ဒေသခံ ပြည်သူလူထု ၄,၀၀၀ ထောင်ခန့်မှ အိုးအိမ်စွန့်၍ နီးစပ်ရာ ဒေသများတွင် ထွက်ပြေးတိမ်းရှောင်နေရသည့်အပေါ် စိုးရိမ်နေသည့်အတွက်ကြောင့် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းရန် အရပ်ဖက်အဖွဲ့အစည်း  ၁၆၅ဖွဲ့က ယခုလို အိတ်ဖွင့်ပေးစာပေးပို့ခြင်းဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားသည့်အကြောင်းရင်းမှာ နိုင်ငံရေးပြဿနာများပါဝင်သည့်အတွက် နိုင်ငံရေးပြ ဿနာကြောင့် ဖြစ်ပွားသည့် ပဋိပက္ခများသည် နိုင်ငံတော်အစိုးရအနေဖြင့် အမြန်ဆုံး ကူညီဆောင်ရွက်ပေး စေလိုသည့်အတွက် တိုင်းရင်းသား ဒေသရှိ အရပ်ဖက်အဖွဲ့အစည်းများစုပေါင်း၍ ယခုလို အိတ်ဖွင့်စာပေးပို့ခြင်း ဖြစ်သည်ဟု ကရင်အမျိုးသမီးအစည်းအရုံးမှ နော်ဆဲဆဲက ပြောသည်။

“တိုင်းရင်းသားဒေသမှာ တိုက်ပွဲစဖြစ်ရင် မြန်မာ့တပ်မတော်ဘက်ပဲ စတင်အမှားလုပ်တာကို တွေ့နေရတာပေါ့။ ဒါကို မြန်မာ့တပ်မတော်ဘက်ဘာမှပြောတာမရှိဘူး ၊ စစ်ရေးလှုပ်ရှားမှုလုပ်တယ်၊ အင်အားတိုးချဲ့တယ်၊ ရိက္ခာ ထပ်ပို့တယ်၊ ဒါကို တိုင်းရင်းသား ဒေသမှာရှိတဲ့လူထုတွေ တိုင်းရင်းသားလက်နက်ကိုင်တွေက မကြိုက်ဘူးဆို တာလည်းသိတယ်။ ဒါပေမယ့် အစိုးရဘက်က ဘာမှပြောတာမရှိဘူး၊ တာဝန်ယူတာမရှိဘူး၊ အဲဒါကြောင့် ကျမ တို့က လူထုဘက်ရပ်တည်ပြီး တောင်းဆိုတာဖြစ်တယ်”ဟု နော်ဆဲဆဲက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြန်မာ့တပ်မတော်မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် -NCA ပါအချက်များကို လျစ်လျူရှုပြီး KNU၏ သတ်မှတ်နယ်မြေတွင် တပ်အင်အားတိုးချဲ့မှုနှင့် တပ် လှုပ်ရှားမှုများ ကြောင့် မြန်မာ့တပ်မတော်နှင့် KNU ကြား စစ်ရေးတင်းမာလာပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ လူထုများ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် ဒေသခံပြည်သူလူထုများ ထိခိုက်မှုနှင့် သေဆုံးမှုများရှိလာ သည့်အတွက် တရားမျှတမှုဖော်ဆောင်ပေးရန်နှင့် နောက်နောင်မဖြစ်ပွားစေရေး အာမခံပေးရန် အိတ်ဖွင့်ပေးစာ တွင် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများ၌ ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခများ၏ အကြောင်းရင်းခံသည် နိုင်ငံရေးပြဿနာဖြစ်သည့်အတွက် နိုင်ငံရေးနည်းလမ်းနှင့်သာ အဖြေရှာသင့်ကာ စစ်ဆင်ရေးပြုလုပ်ခြင်းနှင့် အင်အားတိုးချဲ့ နေရာယူခြင်းများကို ရုပ်သိမ်းရပ်တန့်ပြီး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရန် အရပ်ဖက်အဖွဲ့အစည်းများမှ လက်မှတ်ထိုး တောင်းဆိုထားသည်။

NCA လက်မှတ်ထိုးထားသည့် KNUနှင့် မြန်မာ့တပ်မတော်တို့ကြား ပဋိပက္ခဖြစ်ပွားသည့် အကြောင်းရင်းခံများကို လေ့လာကြည့်ရာတွင် မြန်မာ့တပ်မတော်ဘက်မှ စီမံကိန်းများအပါအဝင်  နယ်မြေကျူးကျော်ဝင်ရောက်မှုနှင့် စစ်အင်အားတိုးချဲ့မှု ဆောင်ရွက်လျက်ရှိသောကြောင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပေါ်လာရကြောင်းဖြစ်သည်ဟု အရပ်ဖက်အဖွဲ့အစည်းများ၏ သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိတ်ဖွင့် ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်မြေအတွင်း ၂၀၂၀ ပြည့်နှစ်မှ ယခုအချိန်အထိ KNU တပ်မဟာ(၅)အနေဖြင့် နှောင့်ယှက်ပစ်ခတ်မှု ၆ ကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါနယ်မြေအတွင်း တပ်မတော်မှလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုဖြစ်စဉ်အား ဖြစ်စဉ်မှန်ပေါ်ပေါက်စေရေး ဆက်လက်စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ဇန်နဝါရီလ ၁၉ရက်နေ့က ထုတ်ပြန်ထားသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...