စဖန်းရှောင်း — စစ်ရေးတင်းမာမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး လတ်တလော ထောက်ပံ့မှုအကူအညီများလိုအပ်နေ သည့် ကရင်ပြည်နယ် ဖာပွန်နှင့်ကျောက်ကြီးမြို့နယ်များအတွင်းရှိ ကရင်ဒေသခံများအတွက် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေ သကြီးအတွင်းရှိ ကရင်စာယဉ်နှင့် ကရင်လူငယ်အဖွဲ့များအသီးသီးမှ အလှူငွေကောက်ခံနှိုးဆော်မှုများ ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါ ကူညီထောက်ပံ့မှုများအတွက် အွန်လိုင်းမှတစ်ဆင့် နှိုးဆော်မှုများပြုလုပ်နေသည့်အပြင် ဧရာဝတီ ကရင် လူငယ်ဦးဆောင်ကော်မတီအပါအဝင် ပန်းတနော်မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီနှင့် ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကရင်လူငယ်အဖွဲ့များမှ တာဝန်ခွဲကာ အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများ လက်ခံပေးနေသည်ဟုလည်း သိရသည်။
ပန်းတနော် ကရင်စာပေယဉ်ကျေးမှုကော်မတီ နာယက မန်းဝင်းမောင်က “တစ်ချိန်က ဧရာဝတီမှာလည်း ကျနော်တို့ ငယ်ဘ၀ ပြေးရလွှားရ၊ ဗုံးခိုကျင်းထဲမှာ ပုန်းရ၊ သတ်ဖြတ်ခံရတာတွေအများကြီးရှိခဲ့တာကိုး။ အခု အဖြစ်အပျက်တွေ၊ ဒုက္ခတွေကိုပြန်မြင်ရ၊ ကြားရတော့ ကျနော်တို့အနေနဲ့ သူတို့နဲ့ထပ်တူခံစားရပြီး စာနာမိတဲ့အတွက် အတတ်နိုင် ဆုံးကူညီနိုင်အောင် လုပ်ဆောင်တာဖြစ်ပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းမှစတင်ကာ အဆိုပါမြို့နယ်များအတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ဖွဲ့ဝင်များနှင့် မြန်မာ့တပ်မတော်တို့အကြား ပြန်လည်ဖြစ်ပွားလာသည့် စစ်ရေးတင်းမာမှုများကြောင့် ဒေသခံထောင်နှင့်ချီကာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည့်အတွက် ကူညီထောက်ပံ့မှု များလိုအပ်နေသည့်အခြေအနေ လည်းဖြစ်သည်။
ဧရာဝတီကရင်လူငယ်ဦး ဆောင်ကော်မတီအဖွဲ့ဝင် စထွဋ်ဝေအောင်ကလည်း “ဒေသခံတွေရင်ဆိုင်နေရတဲ့ ပြဿနာတွေကို တတ်နိုင်သမျှကူညီပေးချင်တာရယ်။ တဖက်မှာလည်း အကူအညီတွေလက်ခံရင်း ပြည်တွင်းထဲမှာရှိတဲ့ ကရင်အပါ အဝင်အခြားသော တိုင်းရင်းသား ပြည်သူလူထုတွေ အနေနဲ့ စာနာနားလည်မှုတွေနဲ့ငြိမ်းချမ်းရေးအတွက် လိုလားပြီးအတူတကွပါဝင်လာအောင် တိုက်တွန်းနှိုးဆော်တဲ့ လုပ်ဆောင်မှုလည်းဖြစ်တယ်” ဟု ၎င်းကပြောသည်။
အကူညီပေးရေးလုပ်ဆောင်ရာတွင် ပါဝင်သည့် ဧရာဝတီကရင်လူငယ်ဦး ဆောင်ကော်မတီ အဖွဲ့အနေဖြင့်လည်း လက်ရှိဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တွင် အလှူငွေလက်ခံရေးတာဝန်ခံများထားရှိကာ လုပ်ဆောင်နေသလို ရရှိလာသည့်ကူညီမှုများကိုလည်း စစ်ဘေးရှောင်များထံတိုက်ရိုက်ပေးပို့သွားမည်ဖြစ်သည်ဟု သိရသည်။
အနယ်နယ်အရပ်ရပ်မှ လှူဒါန်းကူညီလိုသူများအနေဖြင့် ငွေကြေးအပြင် စစ်ဘေးရှောင်များ(ကလေး၊လူကြီး) အတွက် လတ်တလောအရေးတကြီးလိုအပ်သည့်အနွေးထည်၊ အဝတ်အစားများ၊ စားနပ်ရိက္ခာများ၊ အခြေခံဆေးဝါးများစသည့် ကူညီထောက်ပံ့လှူဒါန်းမှုများကိုပါ လက်ခံပေးနေသည်ဟုလည်း အကူအညီပေးရေးလုပ်ဆောင်သူများထံမှသိရသည်။







