၂၀၂၀-၂၀၂၁ ဖြည့်စွက်ဘတ်ဂျက်ခွဲဝေရာတွင် စစ်ဘေးဒဏ်ခံရဆုံးနှင့် ဖွံ့ဖြိုးမှုနောက်ကျဆုံးရသေ့တောင်မြို့နယ်ကို ချန်လှပ်ထား၍ လွှတ်တော်တွင်မေးခွန်းထုတ်

၂၀၂၀-၂၀၂၁ ဖြည့်စွက်ဘတ်ဂျက်ခွဲဝေရာတွင် စစ်ဘေးဒဏ်ခံရဆုံးနှင့် ဖွံ့ဖြိုးမှုနောက်ကျဆုံးရသေ့တောင်မြို့နယ်ကို ချန်လှပ်ထား၍ လွှတ်တော်တွင်မေးခွန်းထုတ်

ချစ်အိလှိုင် — ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အစိုးရအဖွဲ့၏ မြို့နယ်အလိုက် ဒေသဖွံ့ဖြိုးရေး ဖြည့်စွက်ရန်ပုံငွေလျာထားငွေ ခွဲဝေရာတွင် ရသေ့တောင်မြို့နယ်အား ချန်လှန်ထားခဲ့သည့် အပေါ် ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ရခိုင်ပြည်နယ် ဒုတိယအကြိမ်လွှတ်တော် နောက်ဆုံးနေ့ အစည်းအဝေးတွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး မေးခွန်းများလည်း ရှိခဲ့သည်ဟု သတင်းရရှိသည်။  

ဒေသဖွံ့ဖြိုးရေး ဂွမြို့နယ် ၅၂၇.၉၃၀ သန်း၊ သံတွဲ မြို့နယ် ၁၇၅.၈၃၀ သန်း၊ တောင်ကုတ် ကျပ် ၁၃၀.၈၃၀ သန်း၊ ကျောက်ဖြူ ကျပ် ၁၃၅.၀၄ဝသန်း၊ စစ်တွေမြို့နယ် ကျပ် ၆၂.၄၀၀ သန်း၊ ပုဏ္ဏားကျွန်း ကျပ် ၉.၉၈၀ သန်း၊ ပေါက်တော ကျပ် ၇.၅၀၀ သန်း၊ မြောက်ဦး ကျပ် ၁၉.၉၅၀ သန်း၊ကျောက်တော် ကျပ် ၂၃.၃၉၀ သန်း၊ မင်းပြား ကျပ် ၃၂.၀၀၀ သန်း၊ မြေပုံ ၄၄.၀၀၀ သန်း၊ မောင်တော ၁၉.၄၀၀ သန်း၊ ဘူးသီးတောင် ၃၇.၀၀၀ သန်း၊ ရမ်းဗြဲ ၅၉.၄၀၀ သန်း၊ မာန်အောင် ကျပ် ၁၀.၅၀၀ သန်း၊ အမ်း ကျပ် ၂၅.၀၀၀ သန်းတို့ ဖြစ်ကြသည်။

ရသေ့တောင်မြို့နယ်ကို မူတစ်ပြားတစ်ချပ်မှ ဖြည့်စွက်ရန်ပုံငွေထဲတွင် ထည့်မထားဟု ပြည်နယ်အစိုးရ၏ ရခိုင်လွှတ်တော်သို့ ပေးပို့သော ငွေစာရင်းတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က  “ ကျွန်တော်တို့ မြို့နယ်က ပြည်သူပေါင်း တစ်သိန်းကျော် ဒီဘတ်ဂျက်မှာ မပါရအောင် ဘာဖြစ်နေလို့လဲ။ ရသေ့တောင်မြို့နယ်ရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်က နိမ့်ကျနေတယ်။ ဒီလို အခြေအနေမျိုးမှာ ဖြည့်စွက်ရန်ပုံငွေ ခွဲဝေတဲ့ စာရင်းထဲကနေ ရသေ့တောင်မြို့နယ်ကို ချန်လှပ်ထားခဲ့တယ်ဆိုတော့  ကျွန်တော်တို့ မြို့နယ်က နိုင်ငံတော်ကဘတ်ဂျက်ကို မခံစားရတော့ဘူးလား”  ဟု လွှတ်တော်တွင် မေးခွန်းထုတ်သည်။

ယခုဘတ်ဂျက်မှာ အခွန်ငွေဖြင့် ရေးဆွဲသည့် ဘတ်ဂျက်ဖြစ်ကြောင်း၊ ရသေ့တောင်မြို့နယ်မှ ပြည်သူများလည်း အခွန်ငွေ ပေးဆောင်နေသောပြည်သူများဖြစ်ကြောင်း၊ သို့အတွက် ယခုကဲ့သို့ မြို့နယ် (၁၇) မြို့နယ်ထဲမှ မြို့နယ် တစ်ခုတည်းကို ကွက်ပြီးချန်ထားခဲ့ခြင်းမှာ မဖြစ်သင့်ကြောင်း ပြောဆိုသည်။

 “ ရခိုင်ပြည်နယ် ဖြည့်စွက် ရန်ပုံငွေ ခွဲဝေတဲ့ စာရင်းမှာ ရသေ့တောင်မြို့နယ် မပါတဲ့ အတွက် ဝမ်းနည်းခြင်း များစွာနဲ့ ဆွေးနွေးရတဲ့ အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ မြို့နယ်၁၇ မြို့နယ်ထဲမှာ ရသေ့တောင်အတွက် တစ်ပြားတစ်ချပ်မပါတဲ့ အတွက် ရသေ့တောင်မြို့နယ်ဟာ ရခိုင်ပြည်နယ်ထဲမှာ မပါဘူးလားလို့ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။ မြို့နယ်တစ်ခုကို ဇီရိုဘတ်ဂျက်ဆွဲတယ်ဆိုတာက ဘာဖြစ်လို့ ဒီလိုဆွဲရတာလဲ။ မေးခွန်းထုတ်ချင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ရသေ့တောင်မြို့နယ်တွင် လမ်း၊ တံတား၊ အဆောက်အအုံများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်စရာများစွာ ကျန်နေသေးကြောင်း ၎င်းက ပြောဆိုသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ဖြည့်စွက်ရန်ပုံငွေခွဲဝေရာတွင် မြို့နယ်တစ်ခုတည်းကို ချန်လှပ်ထားခြင်းမှာ မဖြစ်သင့်ကြောင်း ပြောဆိုသည်။

“  တစ်မြို့နယ်နဲ့ တစ်မြို့နယ်က ကွာခြားပါတယ်။ ရသေ့တောင်မြို့နယ်က အနုတ်ပြထားတယ်။ မေးခွန်းမေးစရာရှိတာက ဂွမြို့နယ်မှာ ဒီလောက်ဘတ်ဂျက်တွေ အများကြီးထည့်ထားတာကို ထည့်ပေးရတဲ့ အကြောင်းအရင်းကို မေးခွန်းချင်တယ်။ နောက်တစ်ခုက ၂၀၁-၂၀၁၅၊ ၂၀၁၅-၂၀၂၀ အစိုးရသက်တမ်းနှစ်ကြိမ်မှာ ဝန်ကြီးရှိတဲ့ မြို့နယ်တွေဘဲဘတ်ဂျက်တွေ ပိုများနေတာကို တွေ့နေရတယ်။ ရသေ့တောင်မြို့နယ်ဆိုရင် ပြည်နယ်အစိုးရအဖွဲ့မှာ ပါတဲ့လူမရှိတဲ့အတွက် ဘတ်ဂျက်ခွဲဝေရာမှာ အားနည်းတယ်လို့ ထောက်ပြချင်ပါတယ်”ဟု သူမက ပြောဆိုသည်။

ရသေ့တောင်မြို့နယ် လွန်ခဲ့သည့် ၂၀၁၉-၂၀၂၀ ဖြည့်စွက်ရန်ပုံငွေ ခွဲဝေရာတွင်လည်း ကျပ် သန်း ၂၀ သာပါဝင်ခဲ့ကြောင်း သူမက ပြောဆိုသည်။

ရခိုင်ပြည်နယ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ မြို့နယ်အလိုက် ဖြည့်စွက်ရန်ပုံငွေမှာ စည်ပင်၊ ကျေးလ်ဒေသဖွံ့ဖြိုးရေးနှင့်ဆည်မြောင်း၊ ရေအသုံးချရေးတို့ အတွက် ဖြစ်ပြီး ခွဲဝေသည့် ငွေပမာဏမှာ ကျပ် ၁၃၁၉.၃၆၀ သန်းဖြစ်ကြောင်း သိရှိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...