ရခိုင်တွင် 4G အင်တာနက်ဖွင့်ပေးရန်တောင်းဆိုထားသည့်အဆိုကို ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု

ရခိုင်တွင် 4G အင်တာနက်ဖွင့်ပေးရန်တောင်းဆိုထားသည့်အဆိုကို ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု

သျှင်မင်းဇံ — ရခိုင်မှ တိုက်ပွဲဖြစ်ပွားခဲ့သည့်မြို့နယ် ၇ ခုတွင် အင်တာနက် 2G အဆင့်မှ ယခင်အသုံးပြုခဲ့သော မြန်နှုန်းမြင့် 4G အဆင့်သို့တိုးမြှင့်ပေးရန် တိုက်တွန်းသည့်အဆိုအား ပြည်နယ်လွှတ်၌ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြောင်း သိရသည်။

ယင်းအဆိုအား ယနေ့ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့၌ ကန့်ကွက်သူမရှိခဲ့သလို ပြည်နယ်အစိုးရဘက်ကလည်း တစ်စုံတရာ မှတ်ချက်မပေးခဲ့သည့်အတွက် အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု အဆိုတင်သွင်းခဲ့သူ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်(ခ) ဦးမောင်မောင်က နိရဥ္စရာကို ပြောသည်။

ဦးမောင်သန်းစိန်(ခ) ဦးမောင်မောင်က “ရခိုင်ပြည်နယ်လွှတ်တော်မှာတော့ ရခိုင်ပြည်သူလူတွေရဲ့ လိုအပ်ချက်တွေကို တင်ပြတောင်းဆိုတာပဲလေ။ ပြည်နယ်လွှတ်တော်က အတည်ပြုအဆိုတွေကို ပြည်နယ်အစိုးရက လုပ်ပေးရမယ်။ ပြည်ထောင်စုအစိုးရနဲ့သက်ဆိုင်တဲ့အရာတွေဆိုရင် ပြည်နယ်အစိုးရကပဲ တင်ပြရမယ်။ အဲဒါတွေကတော့ ပြည်နယ်အစိုးရရဲ့ တိုက်တွန်းမှုအပေါ်၊ စွမ်းဆောင်မှုအပေါ်မှာ မူတည်နေတယ်။” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

လက်ရှိရခိုင်ပြည်နယ်တွင် အင်တာနက် 4G အသုံးပြုခွင့် မရရှိ၍ ဒေသအတွင်း စီးပွားရေး၊ လူမှုုရေး၊ ပညာရေး စသည့် ကဏ္ဍနယ်ပယ်တို့၌ အဘက်ဘက်မှ ထိခိုက်နစ်နာမှုများ ရှိနေကြောင်း အဆိုရှင် ဦးမောင်သန်းစိန်က ဆိုသည်။

ယင်းအဆိုကို ဇန်နဝါရီ ၁၄ ရက်နေ့က ကျင်းပသည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင်တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုအား ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ပေါက်တောမြို့နယ်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ထွီး၊ ရမ်းဗြဲမြို့နယ်မဲဆန္ဒနယ်မှ ဦးသန်းမောင်ဦးနှင့် မင်းပြားမြို့နယ်မဲဆန္ဒနယ်မှ ဦးလှသိန်းအောင်တို့က ထောက်ခံဆွေးနွေးခဲ့သည်ဟုလည်း သိရသည်။

တိုက်ပွဲများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မှ မြို့နယ် ၈ ခုတွင် အင်တာနက်အသုံးပြုခြင်းကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က စတင်ပိတ်ထားခဲ့သော်လည်း မောင်တောမြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ် မေလ ၃ ရက်နေ့က မြန်နှုန်းမြင့် 4G အဆင့်ဖြင့် ပြန်လည်ဖွင့်ပေးခဲ့သည်။

အလားတူ ၂ဝ၂ဝ ပြည့်နှစ် သြဂုတ်လ ၂ ရက်နေ့တွင် အင်တာနက်ပိတ်ထားသည့် မြို့နယ်များဖြစ်ကြသည့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြားနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို အင်တာနက်ပြန်လည်ဖွင့်ပေးခဲ့သော်လည်း 2G အဆင့်သာ ဖြစ်သဖြင့် အင်တာနက်အသုံးပြုရန် အဆင်မပြေဖြစ်နေကြရသည်ဟု သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...