လာမည့်အစိုးရသစ်သည် ရခိုင်လူထုကို ကိုယ်စားမပြုနိုင်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂပြောဆို

လာမည့်အစိုးရသစ်သည် ရခိုင်လူထုကို ကိုယ်စားမပြုနိုင်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂပြောဆို

ဇော်ဝင်းဌေး — ရခိုင်ပြည်သူလူထုကိုကိုယ်စားပြုသည့်လွှတ်တော်ကိုယ်စားလှယ်များပါဝင်လာမည်မဟုတ်၍ လာမည့်အစိုးရသစ်သည် ရခိုင်လူထုကို ကိုယ်စားမပြုနိုင်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ပြောဆိုလိုက်သည်။

“ဒုသမ္မတရွေးချယ်ခွင့်သည် လွှတ်တော်ကိုယ်စားလှယ်တွေမှာ ရှိမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်နယ်ရဲ့အသံ၊ လူထုအသံကို ကိုယ်စားပြုနိုင်သူ ဖြစ်ရမယ်။ ပြည်နယ်ရဲ့အသံ၊ ပြည်နယ်ရဲ့လူထုကို ကိုယ်စားပြုမယ့်၊ ရခိုင်ပြည်သူကိုကိုယ်စားပြုမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ လာမယ့်တတိယအကြိမ် လွှတ်တော်မှာ မပါတာကို သုံးသပ်တယ်။ လွှတ်တော်ကနေ ရွေးချယ်မယ့် ဒုသမ္မတတွေဟာလည်း ရခိုင်လူထုရဲ့ ဆန္ဒမဲ တစ်မဲမှ ပါမှာမဟုတ်ဘူး။ ဒုသမ္မတ သုံးယောက်ကနေပဲ သမ္မတသစ်ကို ရွေးချယ်မယ်။ အဲဒီသမ္မတသစ်ကနေ ရွေးချယ်မယ့် အစိုးရသစ်ဟာလည်း ရခိုင်လူထုကို ကိုယ်စားပြုနိုင်မှာ မဟုတ်ဘူး” ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဘဏ္ဍာရေးတာဝန်ခံ ကိုဘုန်းပြည့်ဖြိုးက ပြောသည်။

စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်းတွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ယမန်နေ့ နေ့လယ်(၂) နာရီခန့်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ကိုဘုန်းပြည့်ဖြိုးက အထက်ပါအတိုင်း ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်၌ စတင်ကျင်းပမည်ဟု ပြည်ထောင်စုလွှတ်တော်က ကြေညာထားသည်။

တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများ၌ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကို ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများကို ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်ရေးရာကော်မတီများဖွဲ့စည်းခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်းတို့ကိုဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

အလားတူ တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ရခိုင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးကိုလည်း ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်ကျင်းပမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကိုရွေးချယ်သွားမည်ဖြစ်သည်။ ယင်းနောက် သမ္မတက ရွေးချယ်ပေးထားသော ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဦးဆောင်ကာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဆက်လက်ခန့်အပ်ပြီး ပြည်နယ်အစိုးရသစ်အဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်သည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂကမူ လက်ရှိတက်လာမည့် ရခိုင်ပြည်နယ်အစိုးရကိုလည်း စောင့်ကြည့်နေသည်ဟု ဆိုသည်။

“အရမ်းကြီးမျှော်လင့်နေတာမျိုးမရှိပေမယ့် စောင့်ကြည့်နေတဲ့အနေအထားမှာတော့ ရှိတယ်။ တက်လာမယ့်အစိုးရသစ်သည် အရင်နှစ် (၅) နှစ်က အစိုးရလိုမျိုး ဘာမှထိထိရောက်ရောက် မလုပ်ဆောင်နိုင်ဘူးဆိုရင် အကျိုးဆက်ကတော့ ပြည်သူတွေကပဲ နစ်နာကြရပါမယ်”ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဘဏ္ဍာရေးတာဝန်ခံ ကိုဘုန်းပြည့်ဖြိုးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က  ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ မြို့နယ်(၉) ခုဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြားနှင့် မြေပုံမြို့တို့တွင် ရက္ခိုင့်တပ်တော်(AA) နှင့် တပ်မတော်တို့၏ စစ်ရေးပဋိပက္ခကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ဟု သိရသည်။

ယခုကဲ့သို့ မြို့နယ်အများစုတွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲသည် တရားမျှတသည့်ရွေးကောက်ပွဲမဖြစ်ခဲ့ဟုလည်း သုံးသပ်ပြောဆိုမှုများ ရှိနေကြသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...